Homeသတင်းဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းတနေရာမှာ နာတာရှည်ရောဂါအတွက် ပုံမှန်ဆေးမှီဝဲနေရတဲ့ သက်ကြီးရွယ်အို အများအပြားရှိ

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းတနေရာမှာ နာတာရှည်ရောဂါအတွက် ပုံမှန်ဆေးမှီဝဲနေရတဲ့ သက်ကြီးရွယ်အို အများအပြားရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်း တနေရာမှာ နာတာရှည်ရောဂါ ခံစားနေရပြီး ပုံမှန်ဆေး မှီဝဲသုံးစွဲနေရတဲ့ သက်ကြီးရွယ်အိုတွေ အများအပြားရှိတယ်လို့ စစ်ရှောင်တာဝန်ခံတဦးက ပြောပါတယ်။

“၁၀ ယောက်ကျော် ၂၀ လောက်ရှိမယ်။ ဒါက ဆေးအမြဲသောက်နေရတဲ့ သူတွေပေါ့နော်။ ခန့်မှန်းခြေအရတော့ အဲ့လောက်တော့ ရှိတယ်။ အတိအကျတော့ မပြောနိုင်ဘူး” လို့ စစ်ရှောင်တာဝန်ခံတဦးက ပြောပါတယ်။

နာတာရှည်ရောဂါခံစားရသူအများစုဟာ သွေးတိုး ၊ ဆီးချို သွေးချို ၊ လေးဖက်နာ အဖြစ်များကြပြီး ဆေးဝါးကို နေ့စဉ်မှီဝဲ သုံးစွဲနေရတာပါ။ စစ်ရှောင်ကာလ ဝင်ငွေမရှိသလို ဆေးဝါးကို လိုသလောက် ဝယ်ယူလို့မရတာကြောင့်လည်း ရေရှည်မှာ ဆေးဝါးပြတ်လပ်မှုရှိမှာကို တာနာရှည်ခံစားနေရသူတွေက စိုးရိမ်မှု ရှိကြပါတယ်။

လက်ရှိမှာတော့ ဆေးဝါးကို နီးစပ်ရာ ဆေးခန်း ၊ ဆေးရုံတွေမှာ သွားရောက်ထုတ်ယူကြတယ်လို့ ပြောပါတယ်။

ဆီးချို၊ သွေးချို နာတာရှည်ရောဂါ ခံစားနေရတဲ့ အသက် ၅၀ ကျော်အရွယ် စစ်ရှောင်အမျိုးသမီး တဦးကတော့ ဆေးကို မှီဝဲသောက်သုံးနေရတာ ၂ နှစ်ခန့်ရှိပြီလို့ ဆိုပါတယ်။

“ဆေးက မပြတ်ဘူး။ အမြဲတမ်း စွဲပြီး သောက်နေရတယ်။ သောက်လာတာ အခုနဲ့ဆိုရင် နှစ်နှစ် ရှိပြီ”လို့ အဆိုပါ အမျိုးသမီးတဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်‌ခြေ ၈၀ နီးပါး ရှိပြီး လူဦးရေ ၃၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ ကရင်နီပြည်က စစ်ဘေးရှောင်စခန်းအများစုမှာလည်း ဆေးဝါးကို ပုံမှန်သောက်သုံးနေရတဲ့ နာတာရှည် သက်ကြီးရွယ်အိုတွေ များစွာရှိပြီး နီးစပ်ရာ ဆေးခန်းမှာ ဆေးကို ထုတ်ယူ သုံးစွဲနေကြရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ