Homeသတင်းမြို့နယ်တရားရုံးအမှတ် ( ၄ ) နယ်မြေမှာ မူးယစ်ဆေးဝါးမှုကို အများဆုံးတွေ့ရကြောင်း မြို့နယ်တရားသူကြီးဆို

မြို့နယ်တရားရုံးအမှတ် ( ၄ ) နယ်မြေမှာ မူးယစ်ဆေးဝါးမှုကို အများဆုံးတွေ့ရကြောင်း မြို့နယ်တရားသူကြီးဆို

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင်းက မြို့နယ်တရားရုံး အမှတ် (၄) နယ်မြေဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ ကေးလျားမြို့နယ်တွေမှာ မူးယစ်ဆေးဝါးမှုကို အများဆုံး တွေ့ရှိရတယ်လို့ မြို့နယ်တရားသူကြီးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေး နဲ့ စည်းမျဉ်းစည်းကမ်းတွေကို တင်းကြပ်မှုတွေ ရှိနေပေမယ့် မူးယစ်ဆေးဝါးအမှုကို အများဆုံးတွေ့နေရသေးတယ်လို့ မြို့နယ်တရားရုံး အမှတ် (၄) ၊ မြို့နယ်တရားသူကြီးက အခုလို ပြောပါတယ်။

“အဓိက ကျနော့် စီရင်ပိုင်ခွင့်နယ်မြေထဲမှာဆိုရင် ပြစ်မှုနဲ့ သွားမယ်ဆိုရင် ဆေးမှု ပေါ့။ ဒီမူးယစ်ဆေးဝါးမှုက ပြည်ထဲရေးကော သက်ဆိုင်ရာ အဖွဲ့အစည်းတွေကော သတ်မှတ်ထားတဲ့ စည်းမျဉ်း အတိုင်း လိုက်ဖမ်းနေတယ်။ ထိန်းချုပ်ထားတာတွေရှိတယ်။ ဒီကြားထဲမှာမှ အဖြစ်အများဆုံးလို့ ပြောရရင်တော့ မူးယစ်ဆေးဝါးတွေပဲ ဖြစ်တယ်”လို့ မြို့နယ် တရားသူကြီးက ဆိုပါတယ်။

၂၀၂၆ ခုနှစ်၊ ၃ လတာ အတွင်း WY ဆေးပြား ရောင်းဝယ်ဖောက်ကားမှုကို စစ်ဆေးနေတာရှိပြီး သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းအရွယ်တွေက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို အများဆုံး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးအမှုအပြင် အိမ်တွင်းအကြမ်းဖက်မှုတွေလည်း များတယ်လို့ မြို့နယ်တရားသူကြီးက ပြောပါတယ်။

စစ်ဘေးရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားဝတ်နေရေးအကြပ်အတည်းနဲ့ အဖက်ဖက်က အခက်အခဲတွေ ပိုမိုများပြားလာပြီး ဝင်ငွေမရှိတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

နယ်မြေအတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေက ပူးပေါင်းပြီး လူငယ်သင်တန်းကျောင်းတွေ ၊ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေမှာ လိုက်လံပို့ချပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကရင်နီပြည်ကြားကာလတရားစီရင်ရေးရဲ့၂၀၂၅ခုနှစ်တရားရုံး နှစ်စဉ်အစီရင်ခံစာမှာ ၂၀၂၅ခုနှစ်အတွင်း စွဲဆိုတင်ပို့လာတဲ့ အမှုပေါင်း ၁၂၆ မှုရှိပြီး မူးယစ် နဲ့ အကြမ်းဖက်မှုက အများဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု အားနည်းတာတွေကြောင့် မူးယစ်မှုတွေ တိုးလာတာဖြစ်ပြီး မူးယစ်မှု လျှော့ချနိုင်ဖို့ တရားဥပဒေဆိုင်ရာ စိုးမိုးရေးကိစ္စတွေကို ထဲထဲဝင်ဝင် ဆောင်ရွက်ဖို့လိုအပ်နေသေးတယ်လို့လည်း ပြည်နယ်တရားသူကြီးချုပ်က ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ