ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ခူဆွဲ့ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်နေတဲ့ မိသားစုတွေ များနေတာကြောင့် လိုအပ်ချက်များပြားနေတယ်လို့ စစ်ရှောင်စခန်းကော်မတီဥက္ကဌက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေရတဲ့ မိသားစုတွေက အရေးပေါ် စားနပ်ရိက္ခာ ထုတ်ယူနိုင်ဖို့အတွက် မကြာခဏ ထောက်ခံစာ လာရောက်တောင်းခံကြတယ်လို့ စစ်ရှောင်ကော်မတီ ဥက္ကဌ က အခုလို ပြောပါတယ်။
“ အခက်အခဲရှိတယ်ဆိုရင် ကျနော်တို့ဆီကို ရောက်လာတယ်။ အလှူရှင်အဖွဲ့ အစည်း တို့ မောဒူကလားမေး တို့ထံ သွားရောက်ထုတ်ယူနိုင်ဖို့အတွက် ကျနော် တို့ ထောက်ခံစာ ရေးပေးတယ်။ ၁ ရက်၊ ၂ရက်စာ ၁ပတ်စာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုရင် ဘာမှ မပါလာတဲ့ သူတွေက အရမ်းကို ခက်ခဲကြတယ်။ အရေးပေါ်အတွက်က ကျနော်တို့ဆီကို မကြာခဏ ရောက်လာကြတယ်” လို့ ကော်မတီ ဥက္ကဌက ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ ကျေးရွာကနေ စတင်ထွက်ပြေးလာချိန်တုန်းက အသုံးအဆောင်ပစ္စည်း ၊ စားနပ်ရိက္ခာတွေ ယူဆောင်နိုင်ခြင်းမရှိသလို လက်ရှိမှာလည်း ပိုမိုခက်ခဲနေတဲ့ မိသားစု ၂၅ စုရှိတယ်လို့ ဆိုပါတယ်။
“ဒီခူဆွဲ့ စစ်ရှောင်စခန်းမှာ ရွာကနေ ဘာမှမပါပဲ ထွက်လာတဲ့ မိသားစုက ၂၅ စုလောက်ရှိတယ်။ဘာလို့ မပါလာလည်း ဆိုတော့ စစ်မြေပြင်ကနေ ထွက်လာရတဲ့ မိသားစုတွေ ရှိတယ်။ ပြီးတော့မှသူတို့ သယ်ယူရမယ့် ကားတွေ စက်တွေ မရှိတဲ့ မိသားစုတွေရှိတယ်။ တချို့မိသားစုတွေမှာကျတော့လည်း စပါး ၊ ကောက်ပဲ သီးနှံတွေ စိုက်ပျိုးထားပြီးမှ မရိတ်သိမ်းရသေးပဲနဲ့ စစ်မြေပြင် အခြေအနေ အရကြောင့် ထွက်ပြေးလာရတဲ့ မိသားစုတွေ ဖြစ်တယ်”လို့ စစ်ရှောင်ကော်မတီ အတွင်းရေးမှူးတဦးက ပြောပါတယ်။
ကရင်နီစစ်ဘေးရှောင်တွေဟာ စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အဖက်ဖက်က လိုအပ်ချက်တွေ များပြားနေတာဖြစ်ပြီး စစ်ရှောင်စခန်းအများစုက အလှူရှင်တွေကိုသာ မှီခိုအားထားနေရတာပါ။ စစ်ရှောင်တချို့ကတော့ စားဝတ်နေရေးဖြေရှင်းဖို့အတွက် နေ့စား အလုပ်လုပ်ကိုင်ပြီး ဖြေရှင်းကြပေမယ့် မလုံလောက်ဘူး လို့ ဆိုကြပါတယ်။
ခူဆွဲ့စစ်ရှောင်စခန်းမှာ အိမ်ခြေ ၈၀ နီးပါး ရှိပြီး လူဦးရေ ၃၀၀ ဝန်းကျင် နေထိုင်ကြပါတယ်။





