Homeသတင်းဟိုယာမြို့နယ်တွင် ကြက်နာကျမှုနှုန်း မြင့်မားနေ

ဟိုယာမြို့နယ်တွင် ကြက်နာကျမှုနှုန်း မြင့်မားနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ဟိုယာမြို့နယ်မှာ ကျေးရွာခံတွေ အပါအဝင် စစ်ဘေးရှောင်တွေ မွေးမြူထားကြတဲ့ ကြက်တွေ အနာကျပြီး သေဆုံးမှုနှုန်းမြင့်မားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြက်နာကျပြီး သေဆုံးမှုဖြစ်ပွားနေတာဟာ မတ်လလယ်ဝန်းကျင်က စတင်ဖြစ်ပွားလာပြီး ယခုအချိန်ထိ သေဆုံးနေဆဲဖြစ်ကာ ကြက်အကောင်ရေ ၁၀၀ ကနေ ၂၀၀ အထိ သေဆုံးသွားတယ်လို့ ထေခိုကျေးရွာရှိ ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“ဒီရွာဖက်မှာခါကျတော့ အိမ်ခြေ(၈၀)မှာ အိမ်ခြေ(၅၀)တော့ ကြက်နာကျနေပြီ။ ပြီးရင် ကောင်‌ရေနဲ့ တွက်မယ်ဆိုလို့ရှိရင် ကောင်ရေက ၁၀၀၊၂၀၀လောက် ဆုံးရှုံးလိုက်ရပြီထင်တယ်။ ဘာဖြစ်လဲဆိုရင် တစ်အိမ်ဆို အနည်းဆုံး မရှိရင် လေး-ငါး-ဆယ်ကောင်၊ အကောင်နှစ်ဆယ်-သုံးဆယ်လောက်တော့ ရှိတယ်။ အသေးကော အကြီးကော။”လို့ ထေခိုရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကြက်တစ်မျိုးတည်း အနာကျမှု ဖြစ်ပွားနေတာမဟုတ်ပဲ ဘဲတွေလည်း အနာကျမှု ဖြစ်ပွားနေပြီး ဘဲအကောင်ရေ ၄၀၊ ၅၀ ဝန်းကျင် သေဆုံးမှု ဖြစ်ပွားကာ ယခုအချိန်ထိလည်း ဖြစ်ပွားနေဆဲပဲလို့ သိရပါတယ်။

ဟိုယာမြို့နယ်ရှိ ဟိုယာ၊ ဘီယာ၊ ရီခီးဘူး၊ ဒိုမိုခို၊ ထေခိုအပြင် ဟိုမိုးထီး စတဲ့ ကျေးရွာတွေမှာ ကြက်နာကျမှုတွေ မြင့်မားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေအပြင် စစ်ရှောင်တွေ မွေးမြူထားတဲ့ ကြက်တွေလည်း အနာကျမှုဖြစ်ပွားနေပြီး တချို့အိမ်တွေမှာ ကြက်အားလုံး ဆုံးရှုံးလိုက်ရတာတွေ ရှိတယ်လို့ ဟိုယာ စစ်ရှောင်အမျိုးသမီး တစ်ဦးက အခုလို ပြောပါတယ်။

“ကြက်တစ်သုတ်မှ တစ်ကောင်တလေပဲ ရှင်ကျန်တယ်။ တချို့အိမ်တွေဆို အကုန်ပြောင်ကျသွားတာ ရှိတယ်။” လို့ ဟိုယာ စစ်ရှောင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဆိုပါမြို့နယ်ရှိ ဒေသခံတွေအများစုဟာ တောင်ယာလုပ်ကိုင်ချိန်မှာ မိမိတို့ တနိုင်တပိုင် မွေးမြူထားတဲ့ ကြက်တွေကို အသုံးပြုကြပါတယ်။ ကြက်မရှိသေးတဲ့ မိသားစုတွေကတော့ ချေးငှားအသုံးပြုပြီး တောင်ယာလုပ်ကိုင်ကြတဲ့အတွက် အခုလိုကြက်နာကျတာတွေကြောင့် ပြန်လည်ပေးချေဖို့ အခက်အခဲတွေရှိလာတယ်လို့ အဆိုပါစစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။

ကြက်နာကျသေဆုံးမှုတွေ မြှင့်မားနေတာကြောင့် ဒေသခံတွေအခက်အခဲကြုံလာရတာနဲ့ ပတ်သက်ပြီး ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“ဒီဖက်မှာ ကုန်စျေးနှုန်းတွေမြင့်တက်တယ်ကော။ သူတို့အလုပ်တွေ လုပ်လို့ရှိရင် ကြက်တွေပဲ သတ်ပြီးအလုပ်တွေ လုပ်ဖြစ်တယ်။ ပြီးတော့ ဖျားနာတဲ့အခါဆိုရင်လည်း အဟာရဖြစ်ဖို့ ကလေးတွေ အတွက်ကော၊ လူကြီးတွေ အတွက်ကော အသုံးပြုတာလည်း ရှိတယ်။“ လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကြက်နာကျပေမဲ့ ရောဂါကာကွယ်နည်းနဲ့ဆိုင်တဲ့ အသိပညာတွေမရှိသလို ကာကွယ်ဖို့နည်းလမ်းတွေကိုလည်း မသိရှိကြတဲ့အတွက် ကာကွယ်နည်းအသိပညာနဲ့ပတ်သက်ပြီး သိရှိနားလည်လိုကြောင်း အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

“Public awareness (လူထုအသိပညာပေး) တွေကတော့ မွေးမြူရေးနဲ့သက်ဆိုင်တဲ့ awareness (အသိပညာပေး) တွေကတော့ ဒီရှေ့လထဲမှာ ဖေဖော်ဝါရီလလောက်ထဲမှာ နှစ်ကြိမ်လောက် လုပ်ထားတယ်ဆိုတော့ ဒီနှစ်ထဲမှာ ထပ်လုပ်ဖို့ရှိမယ် အသိပညာ ထပ်ပေးဖို့ရှိမယ်။“ လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တိရိစ္ဆာန် ကျန်းမာရေးလုပ်သားတွေရဲ့ အကူအညီနဲ့ တိရိစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေလည်း တချို့ရှိတယ်လို့ IECရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန ရဲ့ ရှိတာဝန်ရှိသူက ပြောပါတယ်။

ယခုပေါက်စျေးအရ ကြက်သား ၁ ပိသာအပြည့်ကို ၄ သောင်းခွဲကျပ်ကနေ ၅ သောင်းကျပ် ဝန်းကျင်ရှိပြီး ကြက်ပေါက်တစ်ကောင်ကို ၅ ထောင်ကနေ ၁ သောင်း အထိ ရှိတယ်လို့သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ