ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ထင်းရှူးတော စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်နေပြီး စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာမရတာ တစ်နှစ်နီးပါးရှိပြီလို့ သိရပါတယ်။
“ကျနော်တို့ camp က ၂၀၂၅ မေလနောက်ဆုံးပဲရတယ်ပေါ့။ခုမရတော့ တာ တစ်နှစ်ပြည့်ဖို့က (၂) လလောက်ပဲလိုတယ်ပေါ့။စားဝတ်နေရေးဆို အတော်လေးအကြပ်အတည်းဖြစ်တယ် အခုဆို တချို့ဆို စစ်ရှောင်ကနေရွာခံကို ချေးငှားရတယ်။အစက စစ်ရှောင် ချင်းချေးငှားကြတယ်ပေါ့။ စစ်ရှောင်တွေလဲ အချင်းချင်းဆို စစ်ရှောင်လာတာကြာပြီဖြစ်တဲ့အတွက် အားလုံးက အဆင်မပြေတဲ့အတွက် ရွာအထိတောင် ချေးငှားစားရတဲ့ အထိဖြစ်လာပြီပေါ့။ တော်တော်လေးတော့ ခက်ခဲနေတယ်ပေါ့။ ဒီစားဝတ်နေရေးပိုင်းပေါ့” လို့ စစ်ဘေးရှောင်တာဝန်ခံ က ပြောပါတယ်။
စစ်ရှောင်တွေဟာ စားနပ်ရိက္ခာ အခက်ခဲကို ပြည်နယ်တွင်းက ကူညီရေးအဖွဲ့ (၁၁) ဖွဲ့ထံ အကူညီတောင်းခံစာတွေ ပေးပို့ထားခဲ့ပေမယ့် အကြောင်းကြားလာတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အဖက်ဖက်က လိုအပ်ချက်တွေ များပြားနေဆဲဖြစ်ပြီး စစ်ဘေးရှောင်တွေဟာ နေ့စားအလုပ်ရှိရင် အလုပ်လုပ်နိုင်ပေမယ့် နေ့စားအလုပ် မရှိရင်တော့ နွားချေးခြောက် ကောက်ရောင်းပြီး ဝမ်းရေးကို ဖြေရှင်းရတယ်လို့ ဆိုပါတယ်။
ယခုလို နွားချေးခြောက်ကောက်ပြီး ဝမ်းစာရေးအတွက် ရုန်းကန်နေရတယ်လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ခုလိုပဲ ပြောပြပါတယ်။
“စားဝတ်နေရေးအတွက်တော့ အလုပ်အကိုင်မှ မရှိတာနော်။နွေချိန်ဆို နွားချေးတွေလိုက်ကောက် ရတဲ့ပိုက်ဆံက ဆန်နည်းနည်းပါးပါးရရင်လဲ ရ။ ကောက်တဲ့သူလဲများတော့ ရတဲ့ရက်လဲရှိတယ်။ မရတဲ့ရက်လဲရှိတယ်။”လို့ သူက ဆိုပါတယ်။
နွားချေးခြောက် (၅)ပုံးအိတ် တစ်အိတ်ကို မြန်မာငွေ (၂၅၀၀)ကျပ် ပေါက်ဈေးရှိပြီး နွားချေးခြောက်ကောက်နေရင်း လေယာဉ်လာတဲ့အချိန်မျိုးမှာ ပြေးပုန်းရတာ ရှိတယ်လို့လည်း စစ်ဘေးရှောင်တွေက ပြောပါတယ်။
အဆိုပါ ထင်းရှုးတော စစ်ရှောင်စခန်းမှာ အိမ်ထောင်စု (၇၄) စုရှိပြီး လူဦးရေ (၂၈၃) ဦး ရှိတယ်လို့ သိရပါတယ်။





