ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဓာတ်ဆီ တစ်လီတာကို ကျပ်တစ်သောင်းအထိ စျေးမြင့်တက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါက အာဏာသိမ်းကာလအတွင်း လောင်စာဆီစျေးအမြင့်ဆုံးကို ရောက်ရှိသွားတာဖြစ်ပါတယ်။
တစ်သောင်းစျေးက ဆီအရောင်းဆိုင်ကြီးတွေရဲ့ စျေးဖြစ်ပြီးတော့ ထပ်ဆင့်ယူရောင်းတဲ့ ဆီဆိုင်ငယ်တွေမှာ စျေးပိုတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ကရင်နီပြည်တွင်းက တခြားဒေသတွေမှာလည်း ဒေသအလိုက် အသီးသီးစျေးမြင့်တက်နေပါတယ်။ စက်သုံးဆီဈေးမြင့်တက်လာတာကြောင့် ဆေးရုံ၊ ဆေးပေးခန်းတွေမှာလည်း အကြပ်အတည်းတွေ ရင်ဆိုင်လာရတယ်လို့ ကန္တာရဝတီတိုင်း (မ်) က ဒေသခံတွေနဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှာ သိရပါတယ်။
“ဆေးရုံမှာဆိုရင် ဆီစျေးတက်တော့ ပုံမှန်မီးစက်နိုးရတဲ့အချိန်ဆို လျှော့လိုက်တာမျိုးတွေ၊ လျှော့တော့ ဆေးရှူရတဲ့ လူနာမျိုးဆိုလို့ရှိရင် သိပ်မရှူရတော့ဘူးပေါ့။ ဥပမာ အောက်ဆီဂျင်ဆိုလည်း ကိုယ့်ဖက်ကနေ အများကြီးမပေးနိုင်တော့ဘူး။ တချို့ဆို မီးပြရတဲ့ကလေးတွေပေါ့။ ဝါလို့ မီးပြရတဲ့ ကလေးတွေဆို ဆီတအားတက်လို့ နှစ်နာရီလောက်မီးပေးရမဲ့ ဟာဆို ၁ နာရီလောက်ပဲ လျှော့ပေးလိုက်တဲ့ဟာမျိုးတွေရှိတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
စျေးမြင့်တက်နေသလို ဓာတ်ဆီယူရတဲ့ ပင်မအရောင်းဆိုင်ကြီးတွေမှာလည်း ဆီပြတ်နေတယ်လို့ ဆီတင်သွင်းရောင်းချနေသူတွေဆီက သိရပါတယ်။ ဒါ့ကြောင့်လည်း ဆီကို ယာဥ်ထဲတိုက်ရိုက်ထည့်ရောင်းတာတွေပဲ လုပ်ကြပြီးတော့ စုဆောင်းလိုသူတွေကို အပိုမရောင်းတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်လူထုနဲ့ ဒေသခံတွေအများဆုံးရှိနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသစစ်ပွဲကြောင့် ဟောမုဇ်ရေလက်ကြား ပိတ်နေတာလည်း တစ်လနီးပါးကြာပြီးတော့ ကမ္ဘာ့ရေနံစျေးနှုန်းလည်း မြင့်တက်လာပါတယ်။
အရင်စစ်ပွဲမဖြစ်ခင်တုန်းက ရေနံစျေး တစ်စည်မှာ အမေရိကန် ဒေါ်လာ ၆၀ ဝန်းကျင်ပဲ ရှိရာကနေ အခု လက်ရှိက ဒေါ်လာ ၁၀၀ ကျော် အထိမြင့်တက်လာတာပါ။ လက်ရှိအချိန်အထိတော့ စစ်ပွဲက ရပ်တန့်နိုင်တဲ့အနေအထားကိုလည်း မတွေ့ရသေးပါဘူး။





