ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ စစ်ကော်မရှင်တွေ ထောင်ထားခဲ့တဲ့ မိုင်းတွေကြောင့် ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ မတ်လ တစ်လအတွင်း ထိခိုက်ပြည်သူ ၂ ဦး ရှိခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ စာရင်းအရ သိရပါတယ်။
မတ်လ ၂၀ ရက်နေ့က လွိုင်ကော်မြို့နယ် လင်ဖုံလေးမှာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ မတ်လ ၁၃ ရက်နေ့က ဖရူဆိုမြို့နယ်မှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား တစ်ဦးတို့ ထိခိုက်ထားတာ ဖြစ်ပါတယ်။
“တစ်ခါတစ်လေတော့လည်း ကံပဲလားပေါ့နော်။ အသက်ထက် အရေးကြီးတာမရှိဘူးသာပြောတာပါ။ စစ်ရှောင်တာကြာတော့ ကိုယ့်အိမ်မှာ ရနိုင်သေးတာမှန်သမျှ ပြန်ရချင် ပြန်လိုချင်တဲ့စိတ်။ အဲ့လို စွန့်စားပြီး ပြန်ကြတော့ အဲ့လို ထိခိုက်တာတွေ ကြားတော့ တကယ်စိတ်မကောင်းဘူး။ စဥ်းစားကြည့်ရင် စစ်ရှောင်နေသမျှ ဘယ်ဟာပဲ လုပ်လုပ် အသက်နဲ့ ရင်းပြီး လုပ်နေရတာကြီးပဲ ဖြစ်သွားရော။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ကရင်နီပြည်အတွင်းမှာတော့ စစ်ကော်မရှင် တပ်စွဲထားဖူးတဲ့ နေရာအများစုတွေမှာ မြေမြှုမိုင်းထောင်ထားလေ့ရှိပြီး အရပ်သားတွေ မကြာခဏ နင်းမိတာ ၊ တိရိစ္ဆာန်တွေ သေကြေပျက်စီးခဲ့တာလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ပေါ်က ရပ်ကွက်အချို့မှာလည်း နင်းမိုင်းတွေကြောင့် ပြည်သူတွေ ထိခိုက် သေဆုံးတာ ၊ကိုယ်လက်အင်္ဂါဆုံးရှုံးတာတွေ မကြာခဏ ရှိနေပါတယ်။
စစ်ကော်မရှင် အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တော်လှန်ရေး ၅ နှစ်ကျော်အတွင်း ကရင်နီနဲ့ ကယန်းဒေသအတွင်းမှာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြာင့် ပြည်သူပေါင်း ၈၆၄ ဦးသေဆုံးခဲ့တာ ရှိတယ်လို့လည်း ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။





