Homeသတင်းရှမ်းတောင်မှာ နေအိမ်ဖျက်ဆီးမှုကို ကန့်ကွက်တဲ့ ညောင်ပင်ရွာသူကြီးအပါဝင် ဒေသခံ ၁၂ ဦး ဖမ်းဆီးချုပ်နှောင်ခံထားရဟု PYO ဆို

ရှမ်းတောင်မှာ နေအိမ်ဖျက်ဆီးမှုကို ကန့်ကွက်တဲ့ ညောင်ပင်ရွာသူကြီးအပါဝင် ဒေသခံ ၁၂ ဦး ဖမ်းဆီးချုပ်နှောင်ခံထားရဟု PYO ဆို

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့က လူထုနေအိမ်တွေကို PNO ပြည်သူ့စစ်နဲ့ ပွဲစားတွေက ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ကန့်ကွက်တဲ့ ညောင်ပင်ရွာသူကြီးအပါဝင် ဒေသခံ ၁၂ ဦးဟာ ဖမ်းဆီးချုပ်နှောင်ခံရတယ်လို့ ပအိုဝ်းလူငယ် (PYO) အဖွဲ့ဆီကနေ သိရပါတယ်။

ဒေသခံတောင်သူတွေပိုင်ဆိုင်တဲ့ မြေယာတွေကို စစ်ကော်မရှင်နဲ့ အာဏာပိုင်တွေက မတရားသိမ်းဆည်းထားပြီး ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာတော့ ထွေအုပ်ရုံးနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ PNOပြည်သူ့စစ်နဲ့ ပွဲစားတွေက ဒေသခံတွေရဲ့ နေအိမ်တွေကို အတင်းအဓမ္မဖျက်သိမ်းခိုင်းတာလို့ ဆိုပါတယ်။

“လောလောဆယ် ဒေသခံတွေက တော်တော်လေး စိုးရိမ် ကြောက်စိတ်တွေရှိနေကြတယ်။”လို့ PYO ရဲ့တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဖြစ်စဥ်အခြေအနေအသေးစိတ်နဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ကန္တာရဝတီတိုင်း(မ်) ကနေ ဆက်သွယ်မေးမြန်းထားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ညောင်ပင်ရွာသူကြီးအပါအဝင် ဒေသခံ ၁၂ဦးကို မတ်လ ၃၀ ရက်နေ့ ညပိုင်းမှာ နေအိမ်တံခါးများဖျက်ကာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေမှာလည်း သက်ကြီးပိုင်းတွေ အများစုပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီးနောက် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းအထိ အစားအသောက် ကျွေးမွေးခြင်းမရှိဘဲ ချုပ်နှောင်ထားတယ်လို့လည်း ယမန်နေ့ ဧပြီလ ၁ ရက်နေ့မှာ PYO က ထုတ်ပြန်ထားပါတယ်။

အခုလို ပြည်သူတွေကို ဖမ်းဆီးမှုတွေရှိနေတာကြောင့် ဒေသခံတောင်သူ အများစုဟာ နေအိမ်တွေမှာ မအိပ်ရဲဘဲ တိမ်းရှောင်နေရပြီး အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့လည်း PYO အဖွဲ့ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လအတွင်းကစပြီး ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ မြို့ဦးကွက်သစ် (မင်္ဂလာရပ်ကွက်) နဲ့ နောင်တောင်းကျေးရွာမှာရှိတဲ့ နေအိမ် ၂၀၀ ကျော်ကို ဖယ်ရှားပေးဖို့ ဆင့်စာ ၃ ကြိမ်တိုင်တိုင် ပေးပို့ခဲ့တယ်လို့လည်း PYO ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ