ကန္တာရဝတီတိုင်း ( မ် )
ဒီနေ့ ဧပြီလ ၂ ရက်နေ့၊ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုလွှတ်တော်ခန်းမမှာ ဒု-သမ္မတတွေက သမ္မတဖြစ်ဖို့ အရည်အချင်းနဲ့ကိုက်ညီမှုရှိ၊ မရှိ စိစစ်ဖို့ လွှတ်တော်ကိုယ်စားလှယ်အသီးသီးက စုရုံးခဲ့ကြပြီးနောက် မနက်ဖြန်မှာ သမ္မတရွေးချယ်တင်မြှောက်ပွဲ ကျင်းပမယ်လို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
ဒါဆိုရင် ရွေးချယ်ခံရတဲ့သမ္မတက ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ခေါင်းဆောင်ဆန္ဒအတိုင်း ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် သမ္မတဖြစ်လာမှာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်မှာ အလိုအလျောက် ကိုယ်စားလှယ်အရေအတွက် ၂၅ ရာခိုင်နှုန်းရထားတဲ့ တပ်မတော်သားအစုအဖွဲ့ ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်အစုအဖွဲ့ တို့က ဒီနေ့ ပြည်ထောင်စုလွှတ်တော် ခန်းမဆီကို တက်ရောက်လာကြတာဖြစ်ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်စီစဥ်ထားတဲ့အတိုင်း နိုင်ငံရေးအရ သူအာဏာရယူတဲ့နည်းက နီးစပ်လာနေပါပြီ။ အရပ်သားအစိုးရ အာဏာကိုသိမ်းယူခဲ့တဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဖြစ်ဖို့များတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ နိုင်ငံရေးအခင်းအကျင်းကနေ သမ္မတထွက်ပေါ်လာပြီး အစိုးရတစ်ရပ်ထွက်ပေါ်လာရင်တောင် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်ကနဲ့ မတူတဲ့ လက်နက်ကိုင်အစုအဖွဲ့တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC) ၊ အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။
“အင်အားစုအသစ်တွေပေါ်လာတယ်။ အင်အားစုတွေက ဗဟိုချက်မ အာဏာကိုပိုပြီးတော့မှာ ပြောင်းလဲဖို့အတွက် ရေသန်ကြတယ်။ လူထုတော်လှန်ရေးက စနစ်တစ်ခုလုံးပြောင်းလဲဖို့ကို ရေသန်ကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း NUG ဖက်ကလည်း တွန်းကြတော့ နိုင်ငံရေးအရ၊ စစ်ရေးအရ အရင်လိုမျိုး ပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးနဲ့ လဲလှယ်တယ်။ ငြိမ်းချမ်းရေးစကားဝိုင်းဆိုတာ လွယ်လွယ်ကူကူနဲ့ ဖြစ်လာမှာမဟုတ်ဘူးပေါ့နော့။ ပိုတောင်မှ ခက်ခဲအုံးမယ်။ အထူးသဖြင့်နှိုင်းယှဥ်မယ်ဆိုရင် ဦးသိန်းစိန်ခေတ်လိုမျိုးအလွယ်တကူဖြစ်မှာတော့ မဟုတ်ဘူးပေါ့နော” လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
လက်ရှိလွှတ်တော်အခင်းအကျင်းမှာ စစ်တပ်၊ စစ်တပ်ကြောထောက်နောက်ခံဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက စိုးမိုးထားတာကိုလည်းတွေ့ရပါတယ်။ အမျိုးသားလွှတ်တော်မှာ တပ်အုပ်ချုပ်ရေးအစုအဖွဲ့ကလာတဲ့ ဦးအောင်လင်းဒွေးက ဥက္ကဌနေရာယူထားပြီး ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်မှာ ဥက္ကဌနေရာယူထားပါတယ်။ တစ်ဖက်မှာလည်း ဒုသမ္မတအဖြစ်ရွေးချယ်ခံရသူ ၃ ဦးလုံးကလည်း တပ်အစုအဖွဲ့နဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေပဲဖြစ်နေတာကို တွေ့ရပါတယ်။
မနက်ဖြန် ပြည်သူ့လွှတ်တော်က ရွေးချယ်ထားတဲ့ ဒုသမ္မတ ဦးမင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်က ရွေးချယ်ထားတဲ့ ဒုသမ္မတ ဒေါ်နန်းနီနီအေး၊ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ရွေးထားတဲ့ ဒုသမ္မတ ဦးညိုစောတို့ထဲက တစ်ဦးက သမ္မတအဖြစ် ရွေးချယ်ခံရတော့မှာဖြစ်ပါတယ်။





