ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ပွန်ချောင်းမြစ်ကူးတံတားကို စစ်ရှောင်တွေက ကိုယ်ထူကိုယ်ထ နဲ့ ဆောက်လုပ်နေကြပြီး အကူအညီတချို့ လိုအပ်သေးတယ်လို့ သိရပါတယ်။
တံတားကို ဖြတ်သန်းသွားလာသူတွေ အဆင်ပြေချောမွေ့စေဖို့အတွက် ကိုယ်ထူကိုယ်ထအနေနဲ့ တည်ဆောက်ရခြင်းဖြစ်တယ်လို့ စစ်ရှောင်တဦးက အခုလိုပြောပါတယ်။
“တံတားက အဆင်မပြေတော့ မိုးရာသီဆို ကျနော်တို့ ဖြတ်လို့ မရဘူး။ အားလုံးက ဒုက္ခရောက်နေကြရတယ်။ အားလုံးအတွက် အဆင်ပြေစေဖို့ ဒီတံတားကို ကျနော်တို့ ကိုယ်ထူကိုယ်ထ အနေနဲ့ တည်ဆောက်ရခြင်း ဖြစ်တယ်” လို့ စစ်ဘေးရှောင် တဦးက ပြောပါတယ်။
တံတားတည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့ဘိလပ်မြေတွေကိုတော့ အဖွဲ့အစည်းတချို့က ကူညီနေပြီး တခြားသော လိုအပ်ချက်တွေကလည်း ရှိနေသေးကြောင်း သူက ဆိုပါတယ်။
အဆိုပါတံတားကို စစ်ရှောင်တွေအပါအဝင် ဒေသခံတွေက အမြဲတမ်းဖြတ်သန်းသွားလာနေကြတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလောက်ကတည်းက စတင်တည်ဆောက်နေတာဖြစ်ပြီး ယခုဆိုရင် ၂ လ ဝန်းကျင် ရှိနေပြီ ဖြစ်ပါတယ်။
ပွန်ချောင်းအမှတ် -၂ စစ်ရှောင်စခန်း အတွင်းမှာတော့ အိမ်ခြေ ၇၀ နီးပါး ရှိပြီး လူဦးရေ ၂၅၀ နီးပါး ရှိတယ်လို့ သိရပါတယ်။





