ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတနေရာမှာ ယခုရက်ပိုင်း နေအပူရှိန် မြင့်မားလာတာကြောင့် ကလေးအပါဝင် သက်ကြီးပိုင်းအရွယ်တွေမှာ ဝမ်းပျက်ဝမ်းလျှော နဲ့ အော့အန်မှုတွေ အဖြစ်များနေတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အခုက လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး အော့အန်နေကြတယ်။ အဲ့ဒါ ရေနဲ့ဆိုင်လား ဒါမှမဟုတ် ရာသီဥတုကြောင့်လား ဆိုတာတော့ မသိဘူး။” လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ကလေးနဲ့ လူကြီး ၂၀ ဦးဝန်းကျင်ဟာ အခုလို ဝမ်းပျက်ဝမ်းလျှော နဲ့ အော့အန်နေကြတာကို စတင် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ဖရူဆိုမြို့နယ်အရှေ့ခြမ်းဖက်မှာ ရေရှားပါးမှုနဲ့ကြုံတွေနေတာကြောင့် သောက်သုံးရေ လုံလောက်မှုမရှိတာကလည်း အခက်တွေ့တယ်လို့ ပြောပါတယ်။
ကျန်းမာရေးအတွက် ဆေးဝါးလည်း လိုအပ်နေသလို ဝမ်းပျက်ဝမ်းလျှော ထပ်မံ ဖြစ်ပွားသူရှိမှာကိုလည်း စိုးရိမ်ရတယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
“စိုးရိမ်စရာတော့ ရှိတာပေါ့၊ ဆေးဝါး အခက်အခဲ ရှိနေလို့လေး” လို့ သူက ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ ကျန်းမာရေးဝန်ထမ်း မရှိတာကြောင့် နီးစပ်ရာ ကျေးရွာ၊ စစ်ရှောင်စခန်းတွေမှာ သွားရောက်ပြသနေရတယ်လို့ ဆိုပါတယ်။ အဲ့ဒီ စစ်ရှောင်စခန်းမှာ လူဦးရေ ၄၀၀ ကျော်အထိ ရှိနေပါတယ်။





