ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကော်မရှင်တပ်ကနေ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်၊ ၁၁ ရက်နေ့မှာ ဒရုန်းဗုံးကြဲတိုက်ခိုက်တာအပြင် လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကိုလည်း လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြေပါတယ်။
“ပထမရက်(ဧပြီ၉ရက်နေ့)က (ဒရုန်းဗုံး) ၃ လုံးကျဲတယ်၊ နှစ်လုံးကွဲတယ်၊ တစ်လုံးက မကွဲဘူး၊ စာသင်ကျောင်းထိတယ်၊ အိမ်လည်း ထိသွားတယ်ပေါ့၊”လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သားတချို့ထိခိုက်တာတွေရှိတယ်လို့ ဒေသခံက ဆိုပေမဲ့ တိကျတဲ့စာရင်းနဲ့ အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့မှာလည်း စစ်ကော်မရှင်တပ်က ဒရုန်း ဗုံးနဲ့ ထပ်မံတိုက်ခိုက်တာအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်လာတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဆိုတိုက်ခိုက်မှုမှာတော့ ထိခိုက်မှုတွေကိုအတည်မပြုနိုင်သေးပါဘူး။
စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ဖရူဆိုမြို့နယ်ထဲက ကျေးရွာတွေဆီကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာမျိုးရှိသလို ဒရုန်းဗုံးကျဲတာ ခပ်စိပ်စိပ် အသုံးပြုလာတာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာလည်း တိုက်ပွဲတစ်စုံတစ်ရာမရှိပဲ နေရပ်ပြန်တဲ့ စစ်ဘေးရှောင် မိသားစုကို ဒရုန်းဗုံးနဲ့ တိုက်ခိုက်တာကြောင့် အသက် ၃၃ အရွယ် အမျိုးသား တစ်ဦး ထိမှန် သေဆုံးခဲ့ရပါတယ်။






