ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုအနောက်ဘက်ခြမ်း ဒေသမှာ တောင်သူတွေ စီးပွားဖြစ်စိုက်ပျိုးနေကြတဲ့ ငရုတ်သီးဟာ ယခုနှစ်မှာ စျေးကျပြီး ရောင်းအားမကောင်းတော့တာကြောင့် စိုက်ပျိုးတဲ့တောင်သူတွေအနေနဲ့ အခက်ခဲကြုံတွေ့နေရတယ်လို့ ဒေသခံဆီကနေသိရပါတယ်။
၂၀၂၄ ခုနှစ်တွေမှာ ငရုတ်သီး တစ်ပိသာကို ၄၀၀၀၀ ကျပ်အထိ စျေးရှိပြီး ယခုနှစ်မှာတော့ ၁၅၀၀၀ စျေးသာရှိတယ်လို့သိရပါတယ်။
“ဒီဖက်မှာ စီးပွားရေးရှိတာက ငရုတ်သီးပဲရှိတယ်ကော။ ငရုတ်သီးပဲလုပ်ပြီးတော့ အဲဒီဝင်ငွေနဲ့ပဲလုပ်စားရတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
အရင်နှစ်နဲ့ ဒီနှစ်တွေမှာ စျေးမရှိတာအပြင် လာဝယ်ပေးတဲ့ သူတွေလည်း မရှိတာကြောင့် ဒေသခံတွေဟာ ငရုတ်သီးကို ဆန် ၊ ပြောင်းကောက်နဲ့ လဲစားကြရတယ်လို့ ဆိုပါတယ်။
“ဒီနှစ်ကျတော့ ငရုတ်သီးက လုံးဝကို အဝယ်သမားမရှိဖြစ်နေတယ်။ ဒီဖက်တောင်သူတွေလည်း ဝယ်ပေးတဲ့လူမရှိတော့ အခက်ခဲတွေအများကြီးရှိနေတယ်” လို့ ကုန်သည်အမျိုးသမီးတစ်ဦးကပြောပါတယ်။
ငရုတ်သီးစျေးကျတာဟာ ဒေသတွင်းကို ပေါက်ရောက်တဲ့ လမ်းကြောင်းတွေပိတ်တာတွေကြောင့် ဝယ်လက်မရှိပဲ ယခုချိန်ထိ ငရုတ်သီးကို ထုတ်မရောင်းရသေးတဲ့ တောင်သူတွေအများကြီးရှိနေသေးတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။






