ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာနဲ့ ဒေါပိုးစီကျေးရွာနှစ်ခုမှာ အခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းပြန်ဖွင့်ဖို့ကို စစ်အစိုးရကစီစဥ်ထားကြောင်းကို စစ်အုပ်စုလက်အောက်ခံ ပြည်နယ်ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဌာန သတင်းအရ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမရှေ့မှာ ကျောင်းအပ်နှံရေးနေ့အတွက် မြေစိုက်ပိုစတာ စိုက်ထူရေး အခမ်းအနားကျင်းပနေစဥ်မှာ ငွေတောင်ကျေးရွာရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနဲ့ ဒေါပိုးစီကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်မှာ ကျောင်းအပ်လက်ခံနိုင်ရေး စနစ်တကျ ပြင်ဆင်ဆောင်ရွက်ဖို့ ပြည်နယ်အစိုးရက မှာကြားခဲ့ကြောင်းပြောထားပါတယ်။
အခုလို စစ်တပ်ပြန်လည်စိုးမိုးနိုင်တဲ့နယ်မြေတွေမှာ ကျောင်းတွေပြန်ဖွင့်ပေးတာကလည်း လူထုတွေကို ပြန်လာနေလို့ရကြောင်း၊ ငြိမ်းချမ်းနေကြောင်း ဆွဲဆောင်လိုတဲ့ စစ်အစိုးရရဲ့ နည်းဗျူဟာထဲက တစ်ခုဖြစ်မယ်လို့ တော်လှန်ရေးနယ်မြေမှာ နေထိုင်တဲ့ဒေသခံတွေက သုံးသပ်ကြပါတယ်။
ငွေတောင်မှာတော့ စစ်တပ်အသိုင်းအဝိုင်းကလူအနည်းစုက အာဏာသိမ်းကာလအတွင်း နေအိမ်မှာပဲ ဆက်လက်နေထိုင်နေခဲ့ကြတာပါ။ ဒါပေမဲ့ ကျောင်းဖွင့်တာကတော့ အာဏာာသိမ်းကာလ ၅ နှစ်အတွင်းမှာ တရားဝင်ပြန်ဖွင့်လှစ်ဖို့ ဒီနှစ်မှ ကြေညာလိုက်တာဖြစ်ပါတယ်။
ငွေတောင်ကျေးရွာနဲ့ ဒေါပိုးစီကျေးရွာ နှစ်ခုလုံးက စစ်ပွဲအခြေအနေကြောင့် လူထုတွေ တိမ်းရှောင်ခဲ့မှုရှိပေမဲ့ လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးကို အာဏာသိမ်းစစ်တပ်ဖက်က ပြန်လည်စိုးမိုးနိုင်ပြီးတဲ့နောက် ဒေသခံတွေပြန်ဝင်လာကြတာဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့ရဲ့ အထင်ကရနေရာလည်းဖြစ် ငွေတောင်ကျေးရွာနဲ့ ခပ်လှမ်းလှမ်းရှိတဲ့ ငွေတောင်ဆည်အထိ အလည်လာသူတွေနဲ့ ပြန်လည်စည်ကားလာနေတာကိုလည်း ဒေသခံတွေရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားကြပါတယ်။






