ကန္တာရဝတီတိုင်း(မ်)
မနေ့က မေလ (၂၈) ရက်နေ့က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးရှိ ကျေးရွာတရွာကို စစ်အုပ်စုတပ်က ဒရုန်းနဲ့ ဗုံးကြဲသွားတယ်လို့ အနီးနားကျေးရွာ ဒေသခံတွေဆီကနေသိရပါတယ်။
မနက်ပိုင်း ၁၀နာရီဝန်းကျင်မှာ တစ်ကြိမ် ဗုံးကြဲသွားပြီး မွန်းလွဲ ၂ရာဝန်းကျင်မှာ ဒုတိယအကြိမ် ထပ်မံကြဲသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူတို့လာကြဲတာ မနက် ၁၀ နာရီလား၊ ၁၁ နာရီလားတော့မသိ၊ နှစ်ချက်လာကြဲသွားတယ်။ မိနစ်ပိုင်းလောက် တိတ်သွားပြီး ညနေ ၂ နာရီလောက်ထင်တယ်။ နှစ်ချက်ပြန်လာကြဲသွားတယ်” လို့ သူက ပြောပါတယ်။
တကြိမ်မှာ ဗုံး၂လုံးစီကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း လူနေအိမ် ၂လုံးထိခိုက်ပျက်စီးသွားတယ်လို့ဆိုပါတယ်။ ဒေသခံတွေရဲ့အဆိုအရ အဆိုပါကျေးရွာမှာ ဒေသခံတွေနေထိုင်တာမရှိတာကြောင့် လူအထိအခိုက်မရှိဘူးလို့ ဆိုထားပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ကင်းထောက်လေယာဉ်တွေ ဝဲနေခဲ့ပြီး မေလ (၂၇) ရက်နေ့ ညနေပိုင်းမှာလည်း အဆိုပါ ရွာအနီးတစ်ဝိုက်ကို ဒရုန်းနဲ့ တစ်ကြိမ် ဗုံးကြဲခဲ့သေးကြောင်း ဒေသခံတွေကပြောပါတယ်။





