ကန္တာရဝတီတိုင်း (မ်)
ရုရှားစစ်တပ်နဲ့ အာဏာသိမ်းမြန်မာစစ်တပ်တို့ရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ (Special Operation Forces) နေပြည်တော်မှာ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်နေတယ်လို့ ဇူလိုင် ၁၄ မှာ ရုရှားသတင်းက ဖော်ပြပါတယ်။ ဇူလိုင် ၆ ရက်ကနေ ၁၇ ရက်အထိ ၁၂ ရက်ကြာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနတွေရဲ့ အထူးတပ်ဖွဲ့တွေအတွက် ပထမဆုံး ပူးတွဲလေ့ကျင့်ရေးနဲ့ နည်းစနစ်ဆိုင်ရာ ညီလာခံဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာပါ။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ လေ့ကျင့်မှုကို အမျိုးသားကာကွယ်ရေးအကယ်ဒမီမှာ ပြုလုပ်နေပါတယ်။
ပူးတွဲလေ့ကျင့်ရေးအတွင်းမှာ အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေး၊ ဒရုန်းတန်ပြန်နည်းစနစ်နဲ့ အပူပိုင်းဒေသ တိုက်ခိုက်မှုနည်းဗျူဟာတို့ကို လေ့ကျင့်သွားကြမှာပါ။ ပူးတွဲလေ့ကျင့်ရေးနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့တဲ့ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အဆိုပါသင်တန်းက စစ်ဘက်ဝန်ထမ်းတွေဟာ တရားမဝင်လက်နက်ကိုင်အဖွဲ့ နှိမ်နင်းဖို့ကို လေ့ကျင့်ကြမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ရုရှားစစ်သားတွေဟာ အထူးစစ်ဆင်ရေးအတွင်း ရရှိခဲ့တဲ့ သင်ခန်းစာတွေကိုလည်း မျှဝေကြမှာဖြစ်ပြီး အဲဒီထဲမှာ ဒရုန်းအမျိုးအစား အမျိုးမျိုးကို တန်ပြန်တိုက်ခိုက်တဲ့ နည်းလမ်းတွေလည်း ပါဝင်ပါတယ်။
“ယနေ့ စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတို့ ပိုမိုခိုင်မာလာစေရေး၏ သင်္ကေတ တစ်ခုဖြစ်သည်။ လာမည့် စစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံ တပ်မတော်သားများသည် တန်ဖိုးရှိသော တိုက်ပွဲအတွေ့အကြုံများ ဖလှယ်ကြမည်ဖြစ်သည်။ ယခုပွဲသည် မကြာမီနှစ်များအတွင်း အရှိန်အဟုန်ဖြင့် အားကောင်းလာခဲ့သည့် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး၏ နောက်တစ်ဆင့်ဖြစ်ကြောင်း” မြန်မာ့တပ်မတော် တိုက်ခိုက်ရေးလေ့ကျင့်ရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်းက တက်ရောက်လာသူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အခမ်းအနားအပြီးမှာ ရုရှားကိုယ်စားလှယ်တွေက အာဏာသိမ်းမြန်မာစစ်တပ်ကို စစ်နည်းဗျူဟာမြောက် ပစ်ခတ်မှုသရုပ်ပြပြီး ခေတ်မီရုရှားလက်နက်တွေ သရုပ်ပြကြပါတယ်။
လက်ရှိ အထူးတပ်ဖွဲ့များစုဝေးခြင်းက စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိ ထူးခြားတဲ့ ကျွမ်းကျင်မှုဖလှယ်မှုကို မျှော်မှန်းကြောင်း၊ နှစ်ဖက်တပ်တို့က ယနေ့ခေတ်ရဲ့ ကြမ်းတမ်းတဲ့ ဖြစ်ရပ်မှန်တွေမှာ ကျယ်ပြန့်တဲ့ တိုက်ပွဲအတွေ့အကြုံတွေရှိကြတယ်လို့လည်း ရုရှား စစ်ရေးကျွမ်းကျင်သူ Yuri Lyamin က ပြောပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကို အဓိကအားဖြင့် ကြမ်းတမ်းတဲ့ အပူပိုင်းသစ်တောတွေ၊ တောတောင်တွေနဲ့ တောတောင်ထူထပ်တဲ့ မြေပြင်တွေမှာ ပြုလုပ်ကြတာဖြစ်လို့ ခြေလျင် ချေမှုန်းရေး ရဲဘော်က စစ်မြေပြင်မှာ အရေးပါတဲ့ ပုဂ္ဂိုလ်အဖြစ် ရှိနေဆဲပဲလို့လည်း ဆိုပါတယ်။ ဒါ့ကြောင့် ရုရှားတပ်သားတွေဆီကနေ ပူပြင်းတဲ့ဒေသတွေမှာ စစ်ဆင်ရေး ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ နည်းဗျူဟာတွေကို မြန်မာစစ်တပ်က ပရောဖက်ရှင်နယ်ကျကျ သင်ယူရမှာဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ကိုးကား – iz ရုရှားသတင်းဌာန






