spot_img
Homeသတင်းဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ကုန်ခြောက်နဲ့ ကုန်စိမ်းတွေ စျေးတက်

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ကုန်ခြောက်နဲ့ ကုန်စိမ်းတွေ စျေးတက်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ မိုးရာသီအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ကုန်ခြောက်နဲ့ ကုန်စိမ်းတွေ စျေးတက်နေတယ်လို့ ကုန်သည်တစ်ဦးကပြောပါတယ်။

“ကုန်စိမ်းတွေတအားစျေးတက်သွားပြီ။ ခရမ်းချဥ်သီး ၁ပိဿာ ၅၀၀၀ ရှိတယ်။ ကြက်သွန်နီလည်း ၅၀၀၀ ရှိပြီလေး။ ကားခပါပါဆို ဘယ်လိုယူရတော့မလဲ အဆင်မပြေတော့ဘူး။ တအားစျေးတက်တယ်”လို့ ကုန်စုံရောင်းတဲ့အမျိုးသမီးတဦးက ပြောပါတယ်။

မိုးကာလအတွင်း လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် သယ်ယူပို့ဆောင်ရေးခက်ခဲသလို အချိန်ကြန့်ကြာတာကြောင့် လမ်းခရီးမှာ ကုန်စိမ်းတွေ ပျက်စီးတာတွေလည်းကြုံနေကြပါတယ်။ ကုန်စိမ်းရောင်းချသူတချို့ကတော့ ကုန်စိမ်းကိုထပ်မံသယ်ယူ ရောင်းချတာမရှိတော့ဘဲ အခြေခံစားသောက်ကုန်ခြောက်တွေကို ပြောင်းလဲ ရောင်းချနေကြတယ်လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ မြေအနေအထားကြောင့် ကုန်စိမ်းဖြစ်တဲ့ သီးနှံတွေကို စိုက်ပျိုးလို့မရဘဲ တခြားဒေသကနေ သယ်ယူစားသုံးနေကြတာပါ။

“စျေးတက်နေတဲ့အပေါ်မှာ ဖောက်သည်တွေကတော့အပြောင်းလဲမရှိဘူး။ အမြဲတမ်းတော့လာပြီးတော့ ဝယ်ယူနေကြတယ်ပေါ့နော။ ဘာဖြစ်လဲဆိုတော့ ဒီဖက်မှာက စိုက်ပျိုးလို့လည်း မြေကအဆင်မပြေ။ မိုးရေလည်းတအားများတယ်ဆိုတော့လေးနော။”လို့ နောက်ထပ် ကုန်စုံရောင်းတဲ့အမျိုးသမီးတဦးက ပြောပါတယ်။

တဖက်မှာလည်း စက်သုံးဆီဈေးမြင့်တက်နေသလို လမ်းခရီးအဆင်မပြေမှုတွေကြောင့် ရှေ့လျှောက် ကုန်စိမ်းနဲ့ ကုန်ခြောက်တွေ ဈေးထပ်မံမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ကုန်စိမ်းကို အဓိက မှာယူရတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာလည်း ကုန်စိမ်းစိုက်ပျိုးတဲ့နေရာက စစ်ဧရိယာနဲ့နီးစပ်တာဖြစ်လို့ လုံခြုံရေးအရစိုးရိမ်ရတဲ့အပြင်၊ မြေသြဇာစျေးကြီးပြီး စိုက်ပျိုးစရိတ်ကုန်ကျများတာကြောင့် ကုန်စိမ်းတွေ စျေးတက်နေတာပါ။ ဒါ့အပြင် တချို့ကုန်စိမ်းတွေကို ပြည်နယ်ပြင်ပကနေ သွင်းယူရောင်းချနေတာလည်း ရှိပါတယ်။

ဖရူဆိုမြို့နယ်မှာ ခရမ်းချဉ်သီး တစ်ပိဿာကို ကျပ် ၅,၀၀၀၊ ပန်းမုန်လာ တစ်ပွင့်ကို ကျပ် ၂,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၆,၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာကို ကျပ် ၁၀,၀၀၀၊ ဂျင်း တစ်ပိဿာကို ကျပ် ၈,၀၀၀၊ အာလူး တစ်ပိဿာကို ကျပ် ၇,၀၀၀၊ ခရမ်းသီး တစ်ပိဿာကို ကျပ် ၆,၀၀၀၊ ဘူးသီး တစ်လုံးကိုကျပ် ၁၅၀၀ နဲ့ ငရုတ်သီးစိမ်း တစ်ပိဿာကို ကျပ် ၁၂,၀၀၀ ကျပ်ဖြစ်ပြီး နေရာဒေသအလိုက် ဈေးနှုန်းကွာခြားမှုရှိပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ