spot_img
Homeသတင်းအာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ပြည်ပထွက် အလုပ်လုပ်ကိုင်နေတဲ့ လူငယ် ၇,၀၀၀ ဝန်းကျင်ရှိ

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ပြည်ပထွက် အလုပ်လုပ်ကိုင်နေတဲ့ လူငယ် ၇,၀၀၀ ဝန်းကျင်ရှိ

-

ကန္တာရဝတီတိုင်း(မ်)

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်က လူငယ် ၇,၀၀၀ ဝန်းကျင်ဟာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လူငယ်ရေးရာဌာန၊ ဌာနမှူးကြီး ခွန်းသောမတ်စ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အာဏာမသိမ်းခင်က စစ်တမ်းမဟုတ်ပဲ အာဏာသိမ်းပြီးကာလမှာ ကျနော်တို့ အများဆုံး အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို လူငယ်ပေါင်း ၆ထောင်ကနေ ၇ထောင် ဝန်းကျင်လောက်က အနီးစပ်ဆုံးနိုင်ငံမှာ သွားရောက်ပြီးတော့ အလုပ်လုပ်ကိုင်နေတာရှိတယ်ပေါ့လေ။ ကျနော်တို့ ပြောချင်တဲ့ ၇ထောင်ဝန်းကျင်က ထိုင်းနိုင်ငံ အများစုပါတယ်။ တချို့နိုင်ငံကလည်းပါတယ်‌။ “လို့ ခွန်းသောမတ်စ်က ဆိုပါတယ်။

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ကြတာဟာ အခြေအနေအမျိုးမျိုးကြောင့်ဖြစ်ပြီး အထူးသဖြင့် စားဝတ်နေရေးအဆင်ပြေစေဖို့ သွားရောက်လုပ်ကိုင်သူတွေ များတယ်လို့ ဆိုပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ဒီးမော့ဆိုမြို့နယ်က အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးက အခုလို ပြောဆိုထားပါတယ်။

“ပြည်ပမှာ အလုပ်လုပ်နေရတဲ့သူ ဘယ်သူမဆို ကိုယ်က မာနတွေခွာချ၊ လုပ်အားခွန်အား အချိန်တွေ ကိုယ့်ရဲ့ လူငယ်ဘဝ အကုန်လုံးပေးဆပ်ရတယ်။ ဒါပေမယ့် မသက်သာတဲ့ အခြေအနေ တရပ်ကြောင့်ပေါ့နော်။ အကုန်လုံးလာပြီး ပေးဆပ်နေကြရတာ။ ဘယ်သူ့မှတော့ ပြည်ပမှာ ပျော်တယ်လို့တော့ မရှိဘူးပေါ့နော်။ပျော်အောင်နေကြရတယ် အခက်ခဲတွေကြားမှာ အားတင်းထားကြရတယ်။”လို့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးက ဆိုပါတယ်။

မိသားစုစားဝတ်နေရေးအတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ရွေးချယ်ဖြစ်လာတယ်လို့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးကလည်း ပြောပါတယ်။

“စစ်အာဏာသိမ်းပြီး ပြည်တွင်းမှာ ကုန်စျေးနှုန်းမြင့်မားပြီး အလုပ်အကိုင်ရှားပါးတော့ ပြည်ပမှာ အလုပ်သွားလုပ်ကြရပါတယ်။ ပြည်ပမှာ အခက်ခဲမျိုးစုံနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းရတာပေါ့နော်။ “လို့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးက ဆိုပါတယ်။

လူငယ်အများစုက ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်နေကြတာဟာ လက်ရှိအချိန်မှာ ပြည်နယ်အပေါ် သက်ရောက်မှု သိသိသာသာ မရှိနိုင်သေးပေမယ့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ လူ့အသိုင်းအဝန်းအတွက် ပြန်လည်အကျိုးပြုမယ့် လူ့အရင်းအမြစ်တွေ လျော့နည်းလာမှာကို စိုးရိမ်ရတယ်လို့ ခွန်းသောမတ်စ်က ဖြည့်စွက်ပြောပါတယ်။

ပြည်ပထွက် အလုပ်လုပ်ကိုင်နေတဲ့ လူငယ် ၇,၀၀၀ ဝန်းကျင်မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိသူတွေ အများစုဖြစ်ပြီး အမျိုးသားဦးရေ ပိုများနိုင်တယ်လို့ IEC လူငယ်ရေးရာဌာန၊ ဌာနမှူးကြီးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ