spot_img
Homeသတင်းလွယ်ယင်းတောင်ခြေဖက်ကို အင်အား ၂၀၀ နီးပါး အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုး ၊ ဒရုန်းနဲ့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့

လွယ်ယင်းတောင်ခြေဖက်ကို အင်အား ၂၀၀ နီးပါး အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုး ၊ ဒရုန်းနဲ့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲမြို့ လွယ်ယင်းတောင်ခြေဖက်မှာ ဩဂုတ်လ ၂၈ ရက်နေ့က အင်အား ၂၀၀ နီးပါးနဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးလာပြီး ဒရုန်း နဲ့ ၁၅ ကြိမ်ထက်မနည်းလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုး‌ဗြဲ PDF အဖွဲ့ဆီကနေ သိရပါတယ်။

အဆိုပါ မိုးဗြဲ လွယ်ယင်းတောင်ခြေဖက်အပြင် ဖယ်ခုံ၊ မိုးဗြဲ (၄၂၂)၊ လွိုင်ကော်နဲ့ လွိုင်လင်လေး အခြေစိုက် တပ်ရင်းတွေကနေလည်း ၆၀ မမ၊ ၈၁ မမ နဲ့ ၁၂၀ မမလက်နက်ကြီးတွေနဲ့ တစ်ရက်အတွင်း အလုံးရေ ၈၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ အသေးစားဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးက ကန္တာရဝတီတိုင်း(မ်)ကို အခုလိုပြောပါတယ်။

“မြေပြင်အခြေအနေကတော့ မငြိမ်သေးလို့ အခြေအနေအသေးစိတ်ကတော့ ပြောလို့မရသေးဘူး ။ထပ်စောင့်ကြည့်ရဦးမယ်။”လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ကနေ ဩဂုတ်လအထိ ၃ လအတွင်း စစ်ရေးအခြေအနေအရ မိုး‌ဗြဲ PDF နဲ့ မြေပြင်မဟာမိတ် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဇွန်လ ၂၉ ရက်နေ့က မြေပြင်တစ်နေရာမှာ အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခု အပြင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၇ ရက်နေ့နဲ့ ၈ရက်နေ့မှာလည်း မြေပြင်နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဩဂုတ်လအတွင်း ထိတွေ့တိုက်ပွဲအတွင်းမှာလည်း ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF ရဲ့ ၃လတာ စစ်ရေးအခြေအနေ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မိုးဗြဲ PDF နဲ့ မဟာမိတ်အဖွဲ့တွေက ဒရုန်းနဲ့ ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့တာရှိသလို ၃ လတာကာလအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်း ၃ စီးကို ဟန့်တားဖျက်ဆီးနိုင်ခဲ့ကာ ၂ စီးမှာ ပျက်စီးသွားခဲ့ပြီး ၁ စီးကိုတော့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အပြင် အာဏာသိမ်းစစ်တပ်ဖက်ကနေ လက်နက်ကြီးနဲ့ ဒရုန်းတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် သွားလာခွင့်ပိတ်ပင်ထားတဲ့ လမ်းကြောင်းတွေအားလုံးကို ဖြတ်သန်းသွားလာခြင်း လုံးဝ(လုံးဝ) မပြုကြဖို့ကိုလည်း မိုးဗြဲ PDF က ထပ်မံတိုက်တွန်းထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ