ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်က ရှားတော၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ် အပါဝင် ၅၅ မြို့နယ်ကို အာဏာသိမ်းစစ်အစိုးရက ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့ကစလို့ ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေး ထပ်မံတိုးမြှင့် ကြေညာလိုက်ပါတယ်။
စစ်တပ်ပိုင်းဆိုင်ရာ စစ်ရေးလှုပ်ရှားမှုနဲ့ တပ်အင်အား လွှမ်းမိုးနိုင်ခြင်း မရှိသေးတဲ့ ကရင်နီက မြို့နယ်သုံးခုကိုလည်း စစ်အုပ်ချုပ်ရေးထပ်မံတိုးမြှင့် ကြေညာလိုက်တာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က အရင် ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေး သက်တမ်းမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေ မူလအခြေအနေ ပြန်ရောက်သွားတဲ့ မန္တလေးတိုင်းဒေသကြီးက ငါန်းဇွန် မြို့နယ်၊ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်တို့ကလွဲလို့ ကျန်တဲ့မြို့နယ် ၅၅ မြို့နယ်ကို တပ်တိုး စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဖြစ်ပါတယ်။
ကရင်နီပြည်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ နဲ့ စစ်အစိုးရယန္တရားလည်ပတ်နေတဲ့ လွိုင်ကော်၊ ဘောလခဲမြို့ပေါ် ဒေသကိုတော့ စစ်အုပ်ချုပ်ရေးကြေညာထားခြင်း မရှိပါဘူး။
တဖက်မှာလည်း အာဏာသိမ်းစစ်တပ်က စစ်အုပ်ချုပ်ရေးမကြေညာထားတဲ့ မြို့နယ်တွေမှာ အရပ်သားတွေအပေါ် အသေခံဒရုန်း တိုက်ခိုက်တာ၊ လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဖမ်းဆီးနှိပ်စက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ကန္တာရဝတီတိုင်း (မ်) ရဲ့ လက်လှမ်းမီပြုစားထားတဲ့ စာရင်းအရ ၂၀၂၆ခုနှစ် ၉ လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ဖြစ်စဉ်တွေကြောင့် အရပ်သား ၄၉ ဦး သေဆုံးပြီး ၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့ မြို့နယ်မှာတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပါတယ်။







