ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုအရှေ့ဘက်ခြမ်း (ကေးလျားမြို့နယ်)က ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတာယ်။
ဒရုန်းနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
“ဒရုန်းနဲ့ နှစ်ခါလာတာ၊ လေးလုံးပစ်ချတယ်။ အိမ်တော့ တော်တော်ထိသွားတယ်” လို့ ဒေသခံအမျိုးသားတဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
ကေးလျားမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ တောင်ယာခင်းရှိရာဖက်ကို အာဏာသိမ်းစစ်တပ်က မကြာခဏ ဒရုန်းနဲ့ ကင်းထောက်တာ၊ ဗုံးကြဲတာ လုပ်ဆောင်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နေ့တိုင်းနီးပါးပဲ၊ ဒရုန်းလာဝဲနေတာကတော့ စိုးရိမ်တာပေါ့” လို့ ဒေသခံအမျိုးသားတဦးက ဆက်ပြောပါတယ်။
ဖရူဆိုမြို့နယ်အတွင်းက တောင်ယာလုပ်ငန်းခွင်၊ အရပ်သားနေထိုင်ရာတွေကို ပြီးခဲ့တဲ့ ဇွန်လကတည်းက အာဏာသိမ်းစစ်တပ်ရဲ့ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုအပြင် နေအိမ်ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။







