spot_img
17.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းပညာရေးKG အတန်း သင်ရိုးညွန်းတမ်း ကရင်နီဒုက္ခသည်စခန်းမှာ စတင်ပြုပြင်ရေးဆွဲနေ

KG အတန်း သင်ရိုးညွန်းတမ်း ကရင်နီဒုက္ခသည်စခန်းမှာ စတင်ပြုပြင်ရေးဆွဲနေ

-

ခူးဖရဲရယ်

ထိုင်း-မြန်မာ နယ်စပ် ကရင်နီဒုက္ခသည်အမှတ် ၁ စခန်းရှိ ကရင်နီပညာရေးဌာန လက်အောက်ဖြစ်သည့် သင်ရိုးညွန်းတမ်းဖွံ ့ဖြိုးရေးဌာနနှင့် ကရင်နီအမျိုးသမီးအစည်းအရုံး လက်အောက်ရှိ မူကြိုအဖွဲ့မှ ပူးပေါင်းပြီး လာမည့် ၂၀၁၉-၂ဝ ပညာသင်နှစ်မှာ KG တန်းကို သင်ရိုးညွန်းတမ်းအသစ်နှင့် သင်ကြားနိုင်ရန်အတွက် စတင်ပြုပြင်ရေးဆွဲနေပါသည်။

MTBMLE (Mother Tongue Based Multi Logical Education) မိခင်ဘာသာစကား အခြေပြု ပညာရေးစနစ်ဖြစ် ပြုပြင်ပြောင်းလဲနိုင်ရေးနှင့် နိုင်ငံတကာ စံချိန်စံနှုန်း ကိုက်ညီနိုင်ရန်အတွက် ရည်ရွယ်ပြီး လာမည့်နှစ်မှာ အခြေခံမူလတန်းအဆင့်မှ စတင် အကောင်အထည်ဖော် နိုင်ရန်သင်ရိုးညွန်းတမ်းကို ပြုပြင်ရေးဆွဲရခြင်းဖြစ်သည်။

“ပထမဦးစားပေးက မိခင်ဘာသာစကား အခြေပြု ပညာရေးစနစ်ဖြစ် ပြောင်းလဲနိုင်အောင်ပေါ့။ လက်ရှိ သင်ကြားနေတဲ့ သင်ရိုးညွန်းတမ်းနဲ့ ဆက်သွားမယ်ဆိုရင် တချို ့က အဆင်ပြေပေမဲ့ ပြုပြင်သင့်တာတွေ များနေပါတယ်။ ဘာသာစကားသုံးခုကို ရောနှောသင်ကြားတဲ့အတွက် ထိရောက်မူ အားနည်းနေတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် မိခင်ဘာသာစကားကို အခြေပြုတဲ့အနေနဲ့ ကရင်နီဘာသာ တစ်ခုပဲ သင်ကြားသွားဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။”ဟု KnTTCDP (Karenni Teacher Training and Curriculum Development Program) တာဝန်ခံဖြစ်သူ ဆရာမ ကီးမယ်ကပြောသည်။

လာမည့်နှစ်မှာ ကရင်နီပညာရေးဌာန လက်အောက်ရှိ အထက်တန်းကျောင်းကို ဆယ်နှစ်တန်းအဆင့်ထိ ထားရှိသွားမည်ဖြစ်ပြီး ပညာရေးစနစ်ပြုပြင်ပြောင်းလဲမူအပေါ် လက်ရှိ မူကြို-A ကို KG-A နှင့် KG အတန်းကို KG-B ဖြစ် အမည်ပြောင်းသွားမည်ဖြစ်သည့်အတွက် သင်ရိုးညွန်းတမ်းကို ပြုပြင်ရေးဆွဲခြင်းဖြစ်သည်။

“သင်ရိုးညွန်းတမ်းပြုပြင် ရေးဆွဲနေတဲ့အချိန်မှာ အခက်အခဲကတော့ ဘာသာစကားပေါ့။ တချို ့စာလုံးတွေမှာဆို ဘာသာပြန်ရတာခက်တယ်။ ပြီးတော့ ပုံပြင်ဖြစ်တဲ့အတွက် ပုံနှင့်တကွဆွဲပေးဖို့လိုတယ်လေး။ အဲဒါကို ပန်ချီဆွဲတတ်တဲ့လူမရှိတော့ နည်းနည်းခက်နေတယ်ပေါ့နော်။ အချိန်ကာလလည်း နည်းနေတဲ့အတွက် လုပ်နေရတာ အခက်ခဲရှိတာပေါ့။”ဟု သူမက ဆက်ပြောသည်။

ကြော်ငြာ

လက်ရှိပညာသင်နှစ် အချိန်ထိမှာ မူကြိုကျောင်းနှင့် KG အတန်းကို ကရင်နီ၊အင်္ဂလိပ်၊ သချင်္ာနှင့် မြန်မာဘာသာ လေးခုကို သင်ကြားပေးသွားနေသည်ဖြစ်သည့်အတွက် မိခင်ဘာသာစကား အခြေပြုပညာရေးစနစ်နှင့် ပြောင်းလဲသင်ကြားသွားလျှင် အစပြုမှာ အခက်အခဲ ရှိနေနိုင်သည်ဟု ဆိုသည်။

“ကရင်နီပညာရေးစနစ်က နိုင်ငံတကာကျင့်သုံးနေတဲ့စနစ်နဲ့ တူအောင် လုပ်ဆောင်သွားမယ်ဆိုရင် ကျမတို့စာပေကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုလာလိမ့်မယ်။ ပြီးတော့ တဖြည်းဖြည်း လူအများက သိလာပြီဆိုရင် အော်.. ကရင်နီလူမျိုးတွေက ထင်ရှားနေပါသေးတယ်ဆိုတဲ့ နိုင်ငံတာကာရဲ ့ အသိအမှတ်ပြုမူကိုလည်း ရရှိလိမ့်မယ်လို့ ကျမမျော်လင့်ပါတယ်။”ဟု မူကြိုတာဝန်ခံ ဆရာမ ပလဲမယ်က ပြောသည်။

ကရင်နီပညာရေးဌာန လက်အောက်ရှိ သင်ရိုးညွန်းတမ်းကို အခြေခံမူလတန်းအဆင့်မှ စတုတ္ထတန်းအဆင့်ထိ ပြုပြင်ရေးဆွဲသွားရန် အစီစဉ်ရှိသည်ဟု သိရသည်။ သင်ရိုးညွန်းတမ်း ပြုပြင်ရေးဆွဲရန်အတွက် ကာလကြာချိန် တစ်လသာ လုပ်ဆောင်သွားမည်ကိုလည်း သိရသည်။

ကရင်နီပညာရေးဌာန လက်အောက်ရှိ အခြေခံမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများ စုစုပေါင်း ၁ဝ ကျောင်းရှိပြီး ကရင်နီအမျိုးသမီးအစည်းအရုံး လက်အောက်ရှိ မူကြိုကျောင်းများ စုစုပေါင်း ၁ဝ ကျောင်းရှိသည်ဟု သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ