spot_img
21.7 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းဒုက္ခသည်များအရေးကယား(ကရင်နီ) ဒုက္ခသည်(၂၃)ဦး နေရပ်ပြန်လာ

ကယား(ကရင်နီ) ဒုက္ခသည်(၂၃)ဦး နေရပ်ပြန်လာ

-

ပုံ-ဆြာချစ်fb

ကရင်နီသူ

ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များ ၃၀ဝ ခန့် တစ်ပတ်အတွင်း ၎င်းတို့နေရပ်သို့ အစိုးရအစီအစဉ်ဖြင့် ပြန်လာကြရာ ကယားပြည်နယ်မှ ဒုက္ခသည် ၂၃ ဦးပါရှိကြောင်း သိရသည်။

̏ ထိုင်းအစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ UNHCR နဲ့ သူတို့ကူညီဆောင်ရွက်ပေးတာရှိတယ်။ ပြန်တာတော့ BP 13 ပေါ့ တရားဝင်ဖွင့်ထားတဲ့ BP 13 လမ်းကြောင်း တကယ်လို့ သူတို့ပြန်မယ်ဆိုလို့ရှိရင် 13 အထိကို ထိုင်းအာဏာပိုင်တွေက အဲထိလာပို့ပေးတယ်။ ဒီဘက်ကနေဆိုလို့ရှိရင် အစိုးရရှိမယ်။ အဓိကတော့ လဝက ရှိမယ်။ ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေရှိမယ်။ ˝ ဟု ကေအဲန်ပီပီ အရံဗဟိုကော်မတီဝင် တာဂေချိုင်းက ပြောသည်။

ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှ မိမိဆန္ဒအလျောက် နေရပ်သို့ ပြန်လည်ဝင်ရောက်လာမှုမှာ ကယား(ကရင်နီ)ပြည်နယ်အတွက် တတိယအကြိမ်ဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် ဘီပီ ၁၃ တွင် ကြိုဆိုသည့်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့ နေရပ်ပြန်လာသူမှာ ကယား(ကရင်နီ)ပြည်နယ်ဒေသခံ (၂၃)ဦး၊ ရှမ်းပြည်နယ်ဒေသခံ(၉)ဦး စုစုပေါင်း (၃၂)ဦး ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရမှ မိသားစု (၃)ဦးပါ အိမ်ထောင်စု(၁)စုလျှင် ဆန်(၁၀)ပြည်အိတ် (၁)အိတ်နှင့် ဆီ(၂)ပိဿာ၊ (၃)ဦးအထက် အိမ်ထောင်စု (၁)စုလျှင် ဆန်(၁၀)ပြည်အိတ်(၂)အိတ်နှင့် ဆီ(၃)ပိဿာနှင့် ရေသန့်ဗူးများထောက်ပံ့ခဲ့သည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေး ပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ၊ ခရီးစရိတ်နှင့် ထောက်ပံ့ငွေများအချို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုံ-ဆြာချစ် fb

ပြန်လည်ရောက်ရှိလာသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ တိုင်းရင်းသားပြည်သူများအား နိုင်ငံသား ဟုတ်/မဟုတ် စိစစ်ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း၊ ပညာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက် မှုပေးခြင်း၊ စားနပ်ရိက္ခာနှင့် အခြားပစ္စည်း များ ထောက်ပံ့ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ နေအိမ် အဆောက်အအုံနှင့် သောက်သုံးရေရရှိရေးတို့အား ကဏ္ဍအလိုက် စီမံ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီး ဌာနမှ တစ်ဦးလျှင် ငွေကျပ်(၁၈၆၀၀)နှုန်းဖြင့် (၃၂)ဦး အတွက် ငွေကျပ်စုစုပေါင်း (၅၉၅၂၀၀)ထောက်ပံ့ခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ မိမိသဘောဆန္ဒ အရ ပြန်လည်ဝင်ရောက်လာသူများ အား ပထမအကြိမ် အနေဖြင့် (၇-၅-၂၀၁၈)ရက်နေ့တွင် အိမ်ထောင်စု(၅)စု လူဦးရေ(၂၀)ဦးအား လည်းကောင်း၊ ဒုတိယအကြိမ်(၂၁-၂-၂၀၁၉)ရက် နေ့တွင် အိမ်ထောင်စု(၁၅)စု လူဦးရေ (၅၉)ဦးအား လည်းကောင်း၊ ယခု တတိယအကြိမ်တွင် လူဦးရေ(၂၃)ဦး စုစုပေါင်း (၁၀၂)ဦးအထိ လက်ခံကြိုဆိုပြီးခဲ့ကြောင်း သိရသည်။

ဒုက္ခသည်စခန်းတာဝန်ရှိသူ၊ ထိုင်းအာဏာပိုင်တို့နှင့် UNHCR တို့မှ မိမိဆန္ဒဖြင့် နေရပ်ပြန်လိုသူများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တစ်ဖက်ရှိ ပြည်နယ်အစိုးရတို့နှင့် ဒုက္ခသည်များ အကူအညီပေးသည့် အရပ်ဖက်အဖွဲ့အစည်းတို့က နယ်စပ်သို့ သွားရောက်ကြိုဆိုသည့် အခမ်းအနားများ ရှိသည်။

ယခုအကြိမ် ဒုက္ခသည်များ လွှဲပြောင်းမှုသည် စတုတ္တအကြိမ်ဖြစ်ကာ ဒုက္ခသည်စခန်း ၆ ခုတွင် နေထိုင်သူများပါဝင်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်ထိ UNHCR ပံ့ပိုးမှုနှင့် နှစ်ဖက်အစိုးရအစီအစဉ်ဖြင့် နေရပ်သို့ ပြန်ပို့သည့်အစီအစဉ်မှာ ၂၀၁၆မှ ၂၀၁၉ခုနှစ်ထိ ဒုက္ခသည်ပေါင်း ၅၀ဝကျော်ကို နှစ်နိုင်ငံအစိုးရသက်ဆိုင်သူများက အခမ်းအနားဖြင့် လွှဲပြောင်း/ပို့ဆောင်ခြင်းများကို ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ