spot_img
16.4 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းကျန်းမာရေးလွိုင်ကော်အား/ကာသိပ္ပံကျောင်းမှ ASEAN school games လက်ရွေးစင် ၃ဦးရှိ

လွိုင်ကော်အား/ကာသိပ္ပံကျောင်းမှ ASEAN school games လက်ရွေးစင် ၃ဦးရှိ

-

ကန္တာရဝတီတိုင်း(မ်)

အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်းမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အားကစားနှင့် ပညာရည်ထူးချွန်သူများ အနေဖြင့် ASEAN School Game လက်ရွေးစင် ၃ဦး ရှိသည်ဟု ၎င်းကျောင်းမှ ဘောလုံးအမျိုးသားနည်းပြ ကိုအောင်ကျော်ဦးက ပြောပါသည်။

“ကျနော်တို့ကျောင်းက အခုလက်ရှိ School Game လက်ရွေးစင် ရွေးခြယ်ခံရတဲ့ကလေးဆိုလို့ရှိရင် မလွီးဇာရှိမယ်၊ မောင်စိုးမင်းသူရှိမယ်၊ မအယ်ခရီးဖောရှိမယ်။ ဒီအတိုင်း ဘော်လုံးဆိုရင် အသက် ၁၅ နှစ်အောက် ရွေးချယ်ခံရသူရှိတယ်။ မမေရီဦး၊ မကြယ်လူစင်၊ လူဆီးယာသုံးယောက်ဖြစ်တယ်။” ဟု ကိုအောင်ကျော်ဦးက ပြောပါသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အားကစားနှင့် ပညာရည်ထူးချွန်သူများအနေဖြင့် ဒီးမော့ဆိုမြို့နယ်မှ မလွီးဇာသည် ငွေတံဆိပ်ဆုကို ပြေးခုန်ပစ်အားကစားနည်းဖြင့်သော်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်မှ မအယ်ခရီးဖောသည် ဂုဏ်ပြုဆိုကို ဘော်လီဘောအားကစားနည်းဖြင့်သော်လည်းကောင်း၊ လွိုင်ကော်မြို့နယ်မှ မောင်ပြည့်စုံအောင်သည် အထူးဆု-၂ကို ကရာတေးဒိုအားကစားနည်းဖြင့်သော်လည်းကောင်း ဆုရရှိခဲ့ခြင်းဖြစ်သည်။

နဝမတန်းပညာသင်ကြားနေပြီး ပြေးခုန်ပစ်တာဝေးတွင် ASEAN School Game တွင် ဆုရခဲ့သည့် မလွီးဇာက သူမအနေဖြင့် ဝါသနာပါရာ အားကစားကိုဆက်လက်ကြိုးစားသွားမည်ဟု ပြောပါသည်။

“မလေးရှားမှာဆိုငွေရတယ်၊ အင်ဒိုးနီးရှားမှာဆိုကြေးရတယ်။ အားကစားပဲဆက်လုပ်မယ်။” ဟု မလွီးဇာက ပြောပါသည်။

၎င်းအားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်းကို သတ္တမတန်းအောင်မြင်ပြီးသူ အဋ္ဌတန်းတက်ရောက်မည့် ကျောင်းသားများကို အရပ် ၅ ပေ ၃လက်မ နှင့် ကျောင်းသူကို အရပ်၅ ပေ ၁လက်မ ရှိသည့်သူများကို ရွေးချယ်ပြီး Psycho (စိတ်ပညာ)များ၊ ကျန်းမာရေးများ စစ်ဆေးပြီး အောင်မြင်သူများကို ကျောင်းတက်ခွင့်ပြုကာ လေ့ကျင့်ပေးနေသည်ဟု ရေကူးတာဝန်ခံ ဒေါ်ဟေမာနှင်း ပြောပါသည်။

“အားကစားကိုဝါသနာပါနေတဲ့သူတွေက ဒီမှာလာပြီးတော့ တစိုက်မတ်မတ်လုပ်လို့ရတယ်။ အဲလိုဆို ပညာလေးလည်းလုပ်ရမယ်။ အားကစားလည်းလုပ်ရမယ်။ ထူးချွန်ရင် ကိုယ်ထူးချွန်သလို ဒီဘက်မှာ ပညာရေးထူးချွန်သွားရင် B.Sc Sport မှာ ဆက်တက်လို့ရတယ်။ အားကစားထူးချွန်တယ်ဆိုရင် လက်ရွေးစင် ဆက်ပြီးလုပ်လို့ရတယ်။” ဟု ဒေါ်ဟေမာနှင်းက ပြောပါသည်။

ဒသမတန်းအောင်မြင်ပြီးသွားပါက ရန်ကုန်၊ မန္တလေးတွင်ရှိသည့် B.Sc Sport တက္ကသိုလ်ကို အခမဲ့ လေးနှစ် ဆက်လက်ပညာဆည်းပူးနိုင်သည်ဟုသိရသည်။

လွိုင်လင်လေးမှ လာရောက်ပညာသင်ကြားနေသည့် ဘောလုံးအားကစား ကျောင်းသား စိုးသူရိန် ကတော့ “ ပထမဆုံးဆယ်တန်းအောင်ချင်တယ်။ ဆယ်တန်းအောင်ပြီးရင် လက်ရွေးစင်ဖြစ်ချင်တယ်။” ဟု ၎င်း၏ ရည်ရွယ်ချက်ကို ပြောပါသည်။

လက်ရှိတွင် အဋ္ဌမတန်းမှ ဒသမတန်းအထိ ကျောင်းသူ/သား စုစုပေါင်း အမျိုးသမီး ၁၀၆ဦး ၊ အမျိုးသား ၁၀၁ ဦး ရှိသည်ဟုသိရသည်။ အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်းကို ၂၀၁ရ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ