spot_img
Homeသတင်းအစိုးရနှင့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲအလွန် ကယားပြည်နယ် လွှတ်တော် နှင့် အစိုးရကို လေ့လာခြင်း

ကြားဖြတ်ရွေးကောက်ပွဲအလွန် ကယားပြည်နယ် လွှတ်တော် နှင့် အစိုးရကို လေ့လာခြင်း

-

ကျော်ထင်အောင် ရေးသားသည်။

ကယားပြည်နယ်လွှတ်တော်ကို ကယားပြည်နယ်ရှိ မြို့နယ် ( ရ ) မြို့နယ်မှ တစ်မြို့နယ်လျှင် ( ၂ ) ဦး ကျစီဖြင့် ပြည်သူလူထုမှ ရွေးကောက်တင်မြောက်သည့် လွှတ်တော်ကိုယ်စားလှယ် ( ၁၄ ) ဦး ၊ ကယား ပြည်နယ်ရှိ လူဦးရေ စုစုပေါင်း၏ ( ဝ.၁ ) ရာခိုင်နှုန်းနှင့် အထက်ရှိ ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်  ( ၁ ) ဦး ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ဥပဒေနှင့်အညီ တင်သွင်းသည့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ( ၅ ) ဦး ၊ စုစုပေါင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ( ၂ဝ ) ဦးဖြင့် ဖွဲ့စည်းထားပါသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်၌ NLD မှ ( ၁၁ ) ဦး ၊ USDP မှ ( ၄ ) ဦး အနိုင်ရရှိခဲ့သည်။

၂၀၁၆ ခုနှစ် ထဲတွင် NLD မှ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် ( ၁ ) ကိုယ်စားလှယ် ကွယ်လွန်ခဲ့၍ တစ်နေရာ လစ်လပ်သွားခဲ့ရပေသည်။

၂၀၁ရ ခုနှစ် ၊ ဧပြီလ ( ၁ ) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ကယားပြည်နယ်လွှတ်တော် လစ်လပ်တစ်နေရာကို လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ( ကယားပြည်နယ် ) က ကိုယ်စားလှယ် အနိုင်ရ လိုက်သောကြောင့် ယခုဆိုလျှင် ကယားပြည်နယ်လွှတ်တော် မှာ NLD မှ ( ၁ဝ ) ဦး ၊ USDP မှ ( ၄ ) ဦး ၊ ANDP မှ ( ၁ ) ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ( ၅ ) ဦး ဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရပေမည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် သက်တမ်း တစ်နှစ်ကျော်ကြာလာပြီဖြစ်သော်လည်း ကယားပြည်နယ် ပြည်သူလူထုအတွက် အရေးကြီးလိုအပ်နေသည့် ပြည်နယ်ဥပဒေသစ်များ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပါ။ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်သည် ပုံမှန်အစည်းအဝေး ( ၅ ) ကြိမ် နှင့် အရေးပေါ် အစည်းအဝေး ( ၃ ) ကြိမ် ခေါ်ယူပြီး ဖြစ်သည်ဟု သိရှိရပါသည်။

ကယားပြည်နယ်လွှတ်တော်ဆိုင်ရာ အချက်အလက်အချို့ကို ကယားပြည်နယ်လွှတ်တော်၏ Facebook page တွင် ကြည့်၍ရသော်လည်း ၂၀၁၁ ခုနှစ်မှစ၍ ယခုချိန်အထိ  ကယားပြည်နယ်လွှတ်တော် သီးသန့် Website မရှိသေးသည်ကို စိတ်မကောင်းပေ။

ထို့အတွက်ကြောင့် ၂၀၁၃ ခုနှစ် ကတည်းက တည်ဆောက်လွှင့်တင်ထားသည့် ကယားပြည်နယ် အစိုးရ၏ တရားဝင် Website www.kayahstate.gov.mm ကို ဝင်ရောက်လေ့လာရာတွင် သတင်းများသာ update ဖြစ်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဆိုင်ရာ အချက်အလက်မှာ ၂၀၁ရ ခုနှစ် အစကတည်းကပင် update မဖြစ်သည်ကို တွေ့ရှိရပေသည် ။  ကိုးကားလေ့လာရမည့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ profile အချက်အလက်များမှာလည်း update မဖြစ်ပေ ။ ( ဥပမာ > ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအသစ် ပြောင်းလဲပြီးသော်လည်း ယခုအချိန်အထိ Website တွင် ဝန်ကြီးအဟောင်း၏ ကိုယ်ရေးအချက်အလက်များသာ တွေ့နေရပေသေးသည် ။ ပြည်နယ်အစိုးရအဖွဲ့ ၊ အတွင်းရေးမှူး အဟောင်း အပါအဝင်ဖြစ်။)

ကယားပြည်နယ် အစိုးရသစ် အနေဖြင့် တာဝန်ယူမှု တစ်နှစ်ကျော်လာပြီ ဖြစ်သော်ငြား ယခုလို Globalization age တွင် ပြည်သူအများနှင့် တိုက်ရိုက်ဆက်စပ်နိုင်သည့် အင်တာနက် Website ကိုပင် ထိရောက်စွာ အသုံးမချနိုင်သေးသည်ကို တွေ့မြင်နေရပါသည်။ ထို့အပြင် ယခင် အစိုးရ၏ တရားဝင် Facebook page > Kayah Government Office စာမျက်နှာကိုလည်း အသုံးမပြု ( ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ကတည်းက update မဖြစ်တော့ )၊ အသစ်လည်း မတည်ဆောက်ထားပေ။

ထို့အတွက်ကြောင့် လက်ရှိ ကယားပြည်နယ် အစိုးရသစ်သည် ပြည်သူလူထုနှင့် တဖြည်းဖြည်း ဝေးကွာလာသည်ဟု ပြည်နယ်အတွင်းနေ ပြည်သူအများ ခံစားလာရပေလိမ့်မည်။

လေ့လာစုဆောင်း၍ လက်ရှိ ကယားပြည်နယ် အစိုးရအဖွဲ့ အမည်စာရင်းကို တင်ပြလိုက်ပါသည်။

ကျော်ထင်အောင် ရေးသားသည်။

 

         

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ