spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဝန်ကြီးချုပ်ဟောင်းကိစ္စ အခြေခံဥပဒေခုံရုံးမှာစစ်ဆေးမည့်ကိစ္စ အာဏာရပါတီက အခွင့်ကောင်းယူတယ်လို့ KySDP ကဝေဖန်ပြောကြား

Author

Date

Category

မီမြာ ၊ ဦးမြာ

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လယ်ဖောင်းရှိုရာထူးကနေ ရပ်နားခံရတဲ့ကိစ္စ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှာ ကြားနာစစ်ဆေးမည့်ကိစ္စဟာဆိုရင် လက်ရှိအာဏာရ ပါတီကြီးအနေနဲ့ အခွင့်အရေးယူပြီး အသုံးချနေခြင်းဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ဝေဖန်ပြောကြားလိုက်ပါတယ်။

“ဒါက ပါတီကြီးကနေပြီးတော့ သူ့လူကိုကာကွယ်ပေးပြီးမှ ဒီဖြစ်စဉ်အပေါ်မှာ ကျော်ပြီးလုပ်တယ်လို့ယူဆတယ်။တကယ်တော့ အဂတိမြောက်တဲ့ အကြာင်းတရားတွေက ပြည်သူ့ငွေအလွှဲသုံးစားလုပ်တာ ပြည်သူ့ငွေတွေကို ပါတီအကျိုးစီးပွားအတွက် အသုံးချတာ ဒါတွေက အောက်ခြေမှာ အကုန်လုံးအဂတိမြောက်ပြီးသားပဲ။ ဒီအောက်ခြေကနေ ဖြေရှင်းရမယ့် ကိစ္စတွေက လွတ်တော်ထဲမှာ ဖြေရှင်းဖို့ မလိုလောက်ဘူး။ ဒါကအခြေခံဥပဒေခုံရုံးထိ တက်ပြီးတော့ ဆွေးနွေးရမယ့် အကြောင်းအရာမဟုတ်ဘူး။ပါတီကြီးတွေက အခွင့်အရေးယူပြီးတော့ အသုံးချတယ်လို့ မြင်တယ်။”

KySDP ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းနိုင်နိုင်ထွေးကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဥ္

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDPမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းနိုင်နိုင်ထွေးက ဒီကိစ္စက ဥပဒေခုံရုံးအထိ ဖြေရှင်းစရာမလိုဘူးလို့ဆိုတဲ့အကြောင်း အောက်တိုဘာလ ၂ ရက်နေ့မှာ မီဒီယာတွေနဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အခုလို ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကနေ ဝေဖန်သုံးသပ်လိုက်တဲ့အပေါ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က အခုလို တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

“မနေ့က အဂတိကော်မရှင်ကနေပြီးတော့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်လေးတစ်ခု သတိထားမိလားမသိဘူး။ မနေ့က နှစ်ခုရှိတယ်လေ။ အပိုင်းနှစ်ပိုင်းပေါ့။ တစ်ပိုင်းက ဦးအယ်လ်ဖောင်းရှိုနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ခုံရုံးကနေပြီးတော့ ပြန်ပြီးတော့စီစစ်မယ်ဆိုတဲ့အချက်တစ်ချက်ပါတယ်။ နောက်တစ်ချက်ကတော့ အဂတိကော်မရှင် ကနေပြီးတော့ ဦးအယ်လ်ဖောင်းရှိုကို အဂတိကော်မရှင်အနေနဲ့ စစ်ဆေးဖို့ မရှိဘူးလို့ ပြောသွားတာရှိတယ်လေ။ အဲ့နှစ်ခုက ဆက်စပ်နေတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ဦးအယ်လ်ဖောင်းရှိုကို လွှတ်တော်ကနေပြီးတော့ စစ်ဆေးတဲ့ကိစ္စက တကယ်လွှတ်တော်ဥပဒေနဲ့ ညှိမညှိဆိုတာကို ပြန်ပြီးတော့ စီစစ်တာလေ။ ပြန်ပြီးတော့စီစစ်တာဆိုတော့ ဒီဟာက ကျနော်ထင်တယ်။ ဒီစီစစ်မှုက တော်တော်လေးအရေးကြီတယ်လို့ ကျနော်ထင်ပါတယ်။ အရေးကြီးတယ်ဆိုတော့ ဘာကြောင့်လဲဆိုတော့ ဒီလွှတ်တော်ဥပဒေကြမ်းကော်မတီအနေနဲ့က လွှတ်တော်ကော်မတီအနေနဲ့ ဥပဒေကြမ်းတွေရှိတယ်လေ။ ဒီဥပဒေအရ လွှတ်တော်မှာ ဘယ်လို စစ်ဆေးရမယ်။ ဘယ်လိုစီရင်ချက်ချရမလဲဆိုတဲ့ဟာတွေပါတယ်။ အဲ့ဟာတွေက တကယ်ကိုညီညွှတ်မှုမရှိလို့ သို့မဟုတ် ဒီဟာသသံယဖြစ်စရာရှိလို့ ပြန်ပြီးတော့ စီစစ်တယ်လို့ ကျနော်တော့ သဘောရတယ်။ နှစ်အချက်က ခုနကပြောတဲ့ ဒီအဂတိကော်မရှင်မှာလည်း ဒီဟာကိုမစီစစ်တော့ဘူးလို့ ပြောတာကလည်း ဒီဟာက ရှင်းတယ်ဗျ။ အဲ့ဟာကဘာလို့လည်းဆိုတော့ ၂၀၁၇၊ ၂၀၁၈ တုန်းက ဖြေရှင်းပြီးသားဖြစ်နေတာကြောင့် အဲ့ဟာတွေက ဖြေရှင်းစရာမရှိတော့ဘူးဆိုတဲ့ သဘောမျိုးမှာပါနေတယ်။ အဲ့တော့ခဏကပြောတဲ့ ဒါမလိုအပ်တော့ဘူးလို့ ပြောတဲ့ဟာကိုတော့ ကျနော်ထောက်ခံတယ်။ အဲ့ဟာကို ကျနော်အနေနဲ့ သဘောတူတယ်လို့ ပြောရမှာပေါ့။”

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်ကနေ ရာထူးဖြုတ်ချခဲ့တဲ့လုပ်ရပ်ဟာဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ညီမညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှာ အောက်တိုဘာလ ၆ရက်နေ့ ကြားနာဖို့ရှိပါတယ်။

ဝန်ကြီးချုပ်ဟောင်းက ပြည်နယ်လွှတ်တော်ကနေ ဖြုတ်ချခဲ့မှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ညီ – မညီ စစ်ဆေးပေးဖို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိုတင်ပြခဲ့တာကြောင့် အခြေခံဥပဒေဆိုင်ရာ အချက် ၃ ချက်နဲ့ စစ်ဆေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံလွှတ်တော် ရှေ့နေကောင်စီများအဖွဲ့ဝင် မန္တလေးမြို့ကရှေ့နေ ဦးသိန်းသန်းဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနဲ့ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

၎င်းက “ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆိုတာ ပြည်ထောင်စုအစိုးရက လုပ်ကိုင်ဆောင်ရွက်တဲ့ကိစ္စတွေ လွှတ်တော်ကဆုံးဖြတ်တဲ့ ကိစ္စတွေ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိမရှိ ဆုံးဖြတ်ပေးရတဲ့ ခုံရုံးဖြစ်တယ်။ ပြည်နယ်တစ်ခုနဲ့ တစ်ခုကြား ပြသာနာ၊ ပြည်နယ်ထဲမှာ ဖြစ်တဲ့ပြသာနာ၊ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်တွေကြားထဲမှာ ဖြစ်တဲ့ပြသနာ တွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ပေးရတဲ့ ခုံရုံးဖြစ်တယ်။” ဆိုပြီး ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဌ ဦးလှထွေးနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ကန္တရဝတီတိုင်းမ်က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
ကြားနာမှုကို e-Courtစနစ်ဖြင့် ကြားနာမည်ဖြစ်ပြီး လွှတ်တော်ဥက္ကဌက ခုံရုံးကြားနာမှုကို ကိုယ်တိုင်ရင်ဆိုင်မယ်လို့ သိရပါတယ်။

လာမည့် ၆ ရက်နေ့မှာတော့ ဝန်ကြီးချုပ်ဟောင်းတစ်ဦးကို ခုံရုံးတင်ခွင့်ရှိ-မရှိကိစ္စ၊ ဝန်ကြီးချုပ်ကို စွပ်စွဲသူ ၅ ယောက်ထဲက ၁ ယောက် နှုတ်ထွက်ခဲ့တဲ့အတွက် ကိုယ်စားလှယ် လေးပုံတပုံ မပြည့်တဲ့အခြေအနေမှာ စွပ်စွဲချက်ကို ဆက်လက် စုံစမ်းတဲ့ကိစ္စနှင့် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ ဝန်ကြီးချုပ်ဟောင်းကို စွပ်စွဲထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ပြန်ထည့်သွင်းတဲ့ကိစ္စရပ်တွေကို ကြားနာစစ်ဆေးသွားမှာလို့သိရပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသဲရယ်ကနေပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်ရန်ပုံငွေဖြင့်ဝယ်ယူထားတဲ့ စက်ယန္တာယားငှားရန်းခတွေ၊ ပြည်နယ်ရဲ့အများပိုင်မြေမှာ ကုမ္မဏီငှားရန်းခတွေ၊ ပန်းဥယျာဉ်စီမံကိန်းတွေစတာနဲ့ပတ်သက်လို့ အဂတိတိုက် လိုက်စားမှုနဲ့ တိုက်ဖျက်ရေးကော်မရှင်ကို စက်တင်ဘာလ ၈ ရက်နေ့ကတိုင်ကြားထားခဲ့ပေမယ့် ကော်မရှင်က ဥပဒေပြဌာန်းချက်အရ စစ်ဆေးလို့မရကြောင်း ပြန်လည် အကြောင်းကြားခဲ့ပါတယ်။

spot_img
spot_img

Recent posts