သံလွင်မြစ်တလျှောက် ခရီးသွားလုပ်ငန်း ဖြစ်လာဖို့ အလားအလာ လုံခြုံရေးအရ မသေချာ

0
256

မီမြာ ၊ အန်ထောနီ

သံလွင်မြစ်တစ်လျှောက် ခရီးသွားလုပ်ငန်းဆောင်ရွက်ဖို့ အစိုးရကနေ စီမံကိန်းရေးဆွဲဖို့ စတင်စီစဉ်ထားရှိတဲ့အပေါ်မှာ နယ်မြေလုံခြုံရေးအရ အဆင်ပြေနိုင်မှာမဟုတ်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဘက်က ပြောဆိုလိုက်ပါတယ်။

စီမံကိန်းဖော်ဆောင်မယ့်ရှားတောမြို့နယ်က အစိုးအနေနဲ့ အညိုရောင်နယ်မြေအဖြစ်သတ်မှတ်ထားဆဲ ဒေသလည်း ဖြစ်သလို KNPPကလည်း ပြီးခဲ့တဲ့ ၂၀၂၀ မေလအတွင်းက တပ်ပိုင်းဆိုင်ရာ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ကြပြီး မကြာခဏဆိုသလို ပဋိပက္ခဖြစ်ပွားလျက်ရှိနေသေးတဲ့ ဒေသဖြစ်နေသေးတာကြောင့် လုံခြုံရေးအရ အဆင်မပြေနိုင်သေးတာဖြစ်တယ်လို့ ရှားတောမြို့ KNPP မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမယ်ရယ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ လကတည်းက ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေသွားရောက်လည်ပတ်နိုင်ဖို့ ရှားတောမြို့နယ်ထဲက သံလွင်မြစ်နဲ့ ရွာသစ်မြို့က လည်ပတ်စရာနေရာတွေကို ကွင်းဆင်းပြီး စီမံကိန်းတစ်ခု ဖော်ဆောင်ဖို့ လျာထားတာပဲရှိသေးတယ်လို့ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးမင်းဇော်ထွန်းက ပြောပါတယ်။

ရှားတောမှာရှိတဲ့ ကယားလူမျိုးတွေရဲ့ ရိုးရာနေထိုင်မှု၊ သဘာဝရေပူစမ်းချောင်း၊ ဘုရားဖူး ခရီးစဉ် နဲ့ သံလွင်မြစ်တစ်လျောက် စက်လှေအပန်းဖြေခရီး ဖော်ဆောင်ဖို့ လျာထားတာဖြစ်ပါတယ်။ဒီလိုစီမံကိန်းကို ပြီးခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်တုန်းကလည်း စီစဉ်ထားပြီးဖြစ်လို့ အဲဒီကတည်းက လုပ်ခွင့်မပြုဘူးလို့ KNPP အတွင်းရေးမှူး (၂) ခူးဒယ်နီယာယ်က ပြောပါတယ်။