spot_imgspot_imgspot_imgspot_img
Tuesday, April 30, 2024
spot_imgspot_imgspot_imgspot_img

ငယ်စဉ်ကတည်းက စစ်ရှောင်လာရသူ

ကန္တာရဝတီတိုင်း(မ်)

ငယ်စဉ်ကလေးအရွယ်၊ ဆယ်ကျော်သက် အပျိုဘဝနဲ့ ကလေးနှစ်ယောက်မိခင်ဘဝ ရောက်လာချိန်အထိ အကြိမ်ကြိမ် စစ်ဘေးရှောင်ခဲ့ရတာကတော့ အသက် (၃၄ )နှစ် အရွယ် ဒေါ်စိုးမယ်ပါ။

အခုနောက်ဆုံးအကြိမ်မှာတော့ အသက် (၁၃) နှစ်အရွယ်နဲ့ အသက် (၈) နှစ်အရွယ် သားနှစ်ယောက်နဲ့အတူ စစ်ဘေးရှောင်လာခဲ့ရတာပါ။ အခုတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ထိန်းချုပ်နယ်မြေတစ်နေရာက
စစ်ရှောင်စခန်းတစ်ခုမှာပါ။

သူ့အနေနဲ့ကတော့ အခုအကြိမ်စစ်ရှောင်တာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။

ငယ်စဉ်က ရှားတောမြို့နယ်၊ ဒေါမူးစေ့ ကျေးရွာမှာ နေထိုင်တာဖြစ်ပြီး အရင် ၁၉၈၇ ခုနှစ်ကနေ ၁၉၉၆ခုနှစ် ကြားကာလတွေမှာ ပြည်တွင်းစစ်ကြောင့် ငယ်စဉ်ကတည်း မိဘတွေနဲ့အတူ ရွာတွေကနေ စစ်ရှောင်ခဲ့ရဖူးပါတယ်။

အသက် (၁၉) နှစ်အရွယ်လောက်မှာလည် ထိုင်း-မြန်မာနယ်စပ်ကို စစ်ရှောင်ရပြန်ပါတယ်။

အခုနောက်ဆုံးတစ်ကြိမ်ကတော့ စစ်ကောင်စီတပ်တွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေကြောင့် ထပ်မံတိမ်းရှောင်ရတာဖြစ်ပါတယ်။

“ အခုခါကျတော့ ကလေးတစ်ဖက်နဲ့ခါကျတော့ အများကြီးခက်ခဲတာပေါ့နော။ ဒီကိုလာရတာလည်း မလွယ်ဘူးလေ။ နောက်ဒီကို ရောက်တော့လည်း ဒီမှာ အလုပ်အကိုင်ကလည်း မရှိ။ ကလေးတစ်ဖက်နဲ့ခါကျတော့ အဆင်မပြေဘူး။ “

ဒေါ်စိုးမယ်ဟာ အသက် (၁၉) နှစ်အရွယ်က စစ်ဘေးရှောင်သွားခဲ့ပြီးတော့ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ (၁၃) နှစ်လောက်နေထိုင်ခဲ့ပါသေးတယ်။
၂၀၁၉ခုနှစ်မှာတော့ နိုင်ငံရေးအခြေအနေ အထိုက်အလျောက်တည်ငြိမ်လာပြီဆိုပြီး ပြည်တွင်းကို အစိုးရအစီအစဉ်နဲ့ ပြန်လာခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ ဒေါ်စိုးမယ်လိုပဲ ဒုက္ခသည်စခန်းတွေကနေ အစိုးရအစီစဉ်နဲ့နေရပ်ပြန်လာခဲ့သူ တစ်ရာကျော်ရှိခဲ့ပါတယ်။ အသုတ်လေးသုတ်ခွဲပြန်လာခဲ့ကြတာပါ။
ပြည်တွင်းမှာ မိဘတွေရှိတဲ့အတွက် အတူပြန်နေထိုင်ပြီး ကလေးတွေရဲ့ ပညာရေးကိုလည်း ကောင်းကောင်းပြန်သင်ယူခိုင်းမယ်လို့ တွေးထားခဲ့တာပါ။

အတည်တကျစီးပွားရေး လုပ်ငန်းတစ်ခုခုကိုလည်း ပြန်လုပ်ကိုင်ဖို့ စိတ်ကူးထားခဲ့သူဖြစ်ပါတယ်။

ပြန်နေတဲ့ နှစ်နှစ်တာ အတောအတွင်းမှာ ကြက်၊ဝက်မွေးတာနဲ့ နေ့စားတောင်ယာလိုက်လုပ်ခဲ့ပြီးကိုဗစ်ကာလ လည်း ဖြစ်တဲ့အတွက် မယ်မယ်ရရအလုပ်ပြန်မလုပ်နိုင်သေးခင်မှာဘဲ တစ်ခါ စစ်ပြန်ရှောင် ခဲ့ရတာဖြစ်ပါတယ်။

“ ကိုယ်ပြန်နေမယ် တွေးတဲ့အချိန်တုန်းကတော့ အကောင်းဆုံးဖြစ်အောင်တော့ ကိုယ်ပြန်လုပ်စားမယ်။ အဲ့မျိုးတွေစဉ်းစားတယ်။ နောက်ဆုံး တော့ အာဏာသိမ်းလိုက်တော့ အများကြီးပျက်စီးတယ်ပေါ့နော။ ကိုယ့်ရဲ့ မျှော်လင့်ထားတဲ့ အိပ်မက်တွေ အလုပ်အကိုင်တွေ ပြီး ကိုယ်ကလည်း ကိုယ့်နိုင်ငံမှာပြန်နေပြီး ကျောင်းကို အစအဆုံး ပညာသင်ခိုင်းစေချင်တယ် ဆိုပြီးတော့မှ ဒါတွေ အကုန်လုံးဆုံးရှုံးတယ်ပေါ့။ အလုပ်အကိုင်ရော ပြီး ကလေးပညာရေးတွေရော။ ကိုယ်မျှော်လင့်ထားတဲ့ အရာတွေပေါ့နော။ “

စစ်အာဏာသိမ်းမှုကြောင့် ဒေါ်စိုးမယ်လို အိမ်မက်တွေ၊ ဘဝတွေ ပျောက်ဆုံးသွားခဲ့ရသူတွေကတော့ ကရင်နီပြည်နယ်မှာ ဒုနဲ့ဒေးပါ။
ကရင်နီပြည်နယ်မှာ နေအိမ်တွေနဲ့ လယ်ယာစီးပွားရေးလုပ်ငန်းတွေစွန့်ခွာပြီး
စစ်ဘေးရှောင်ထွက်ပြေးရသူ တစ်သိန်းခွဲ ရှိနေပါပြီ။

လက်ရှိတော့ စစ်ရှောင်စခန်းမှာ လာရောက်စစ်ရှောင်နေတာ ၈လရှိသွားပြီဖြစ်ပါတယ်။ စစ်ရှောင်စခန်းမှာ အခြေခံစားစရာတွေ ထောက်ပံ့ပေးထားပေမယ့် စားဝတ်နေရေးအဆင်ပြေဖို့အတွက် တတိယနိုင်ငံသွားချင်တယ်လို့ ဆိုပါတယ်။

“ ဘာတွေ ဆက်လုပ်ရမှန်းမသိတော့ဘူး။ ပြန်လည်း မပြန်ချင်တော့ဘူး။ ပြီး ကျမတစ်ယောက်အနေနဲ့ နိုင်ငံခြားသွားလို့ရရင် သွားချင်တယ်။ကိုယ့်ဘဝကို ရပ်တည်နိုင်အောင်ကြိုးစားမယ်။ ကိုယ့်ကိုယ်ရှာစားမယ် အဲ့လိုပဲ ဒီစစ်ရှောင်စခန်းမှာနေလည်း အလုပ်အကိုင်မရှိဘူးလေ။ ကလေးတစ်ဖက်နဲ့ခါကျတော့ အများကြီးရုန်းကန်ရတာပေါ့။ ဝင်ငွေလည်း မရှိပြီးရင်နေ့စားတွေလည်း လိုက်လုပ်လို့မှမရတာ။ သူများထုတ်တဲ့ဟာ ထောက်ပံ့တဲ့ဟာနဲ့ပဲ ကိုယ်က စောင့်စားနေရတော့ အဆင်မပြေဘူးလေ “

ငယ်စဉ်ကတည်းက စစ်ရှောင်လာတဲ့ သူ့အတွက်ကတော့ သူ့သားသမီးတွေ နောက်တစ်ခါစစ်ရှောင်ရမှာကို စိုးရိမ်တဲ့အတွက် ပြည်တွင်းပြန်ဖို့ အိပ်မက်မရှိတော့ပါဘူး။

“ မြန်မာပြည်ပြန်မိတာလည်း မှားတယ်ပေါ့နော။ အမှားကြီးမှား နောင်တလည်း ရတယ်ပေါ့နော။ တစ်ရက်မှမေ့မရဘူးလေ။ ကိုယ်က ပြန်မိတာကော။ နိုင်ငံရေးကလည်း ဒီလို ဖြစ်လာမယ်လို့ မျှော်လင့်မထားဘူးလေ။ နိုင်ငံရေးက ဒီလိုစစ်ပွဲပြန်ဖြစ်မယ်လို့ ကြိုသိထားရင်တော့ မပြန်ဘူး။ “

spot_img
spot_img