ကရင်နီပြည်မှာ မိခင်ဘာသာစကားအခြေပြု ပညာရေးစနစ်ကို အသုံးပြုသွားမည်

0
4809

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်မှာ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံသုံး ပညာရေး စနစ် ( MTB-MLE ) ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်ပြီး အသုံးပြု သင်ကြားသွားမယ်လို့ ကရင်နီပြည်အစိုးရ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ခူးပလုရယ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ အခုက ကျနော်တို့ မူကြိုမှာဆိုရင် ကိုယ့်ဘာသာစကား တစ်ခုတည်းပဲ တစ်ရာ ရာခိုင်နှုန်း သင်မှာပေါ့။ အပြောကြီးပဲ သင်မယ်။ နောက်တစ်နှစ် မူကြို ဒုတိယနှစ်ဆိုရင် အရေးတွေပါလာမယ်။ KG တက်ရင် ကျနော်တို့ အရေး၊ အဖတ်၊ အပြောပေါ့နော။ လေ့လာမယ်။ နောက်ထပ် Grade – 1 ကျရင် မြန်မာစကားနည်းနည်း သင်မယ်။ ၂၀ ရာခိုင်နှုန်း ပြန်ပါလာမယ်။ နောက်တစ်နှစ်ဆိုရင် အင်္ဂလိပ်စကား နည်းနည်း ပြန်ပါလာမယ်။ ဒီလိုမျိုး ဆင့်ကဲ ဆင့်ကဲပေါ့နော။ စစချင်းမှာ မိခင်အခြေပြုတဲ့ ဘာသာစကားကို သုံးပြီးတော့ တခြားဘာသာစကားတွေနဲ့ မိတ်ဆက်ပြီးတော့ တဖြည်းဖြည်းချင်း သွားတာပေါ့။” လို့ ခူးပလုရယ်က ပြောပါတယ်။

မိခင်ဘာသာစကား သင်ရိုးညွှန်းတမ်းဟာ မူလတန်းအတွက်သာ ရှိသေးပြီး ယခုနှစ် ပညာသင်နှစ်မှာ စတင်အသုံးပြုသွားမယ်လို့ သိရပါတယ်။ MTB-MLE ပညာရေးစနစ်နဲ့ ပတ်သက်ပြီး လူထုတွေကို အကျယ်တဝံ့ ရှင်းလင်းချပြတာတွေ လုပ်ဆောင်သွားမယ်လို့ ခူးပလုရယ်က ဆက်ပြောပါတယ်။

MTB-MLE ပညာရေးစနစ်ဟာ မိခင်ဘာသာစကားကို အသုံးပြုသင်ကြားရတာ ဖြစ်တဲ့အတွက် ကရင်နီပြည်မှာ အသုံးပြုဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

“ MTB-MLE စနစ်က ကျနော်တို့ သိကြမှာလည်း မဟုတ်သေးဘူးပေါ့နော။ ဒါကတော့ ဒီနိုင်ငံ တကာမှာ သုတေသန ပြုချက်အရ ကျနော်တို့ MTB-MLE ဟာ ကျနော်တို့ ပညာရေးစနစ်မှာ အကျိုးရှိတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဆိုလိုချင်တာက သူတို့ရဲ့ ဘာသာစကားသည်လည်း နေ့စဉ် ပြောနေကျဖြစ်တော့ ချက်ချင်း တခြား ဘာသာစကားတွေနဲ့ သင်တာက ခက်တယ်။ သိပ်ပြီးတော့ မထိရောက်ဘူးပေါ့နော။ ဒါကြောင့် ကျနော်တို့ MTB-MLE စနစ်နဲ့ သွားကြဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ ကြတာ ဖြစ်ပါတယ်။” လို့ ခူးပလုရယ်က ပြောပါတယ်။

မြန်မာ့သင်ရိုးညွှန်းတမ်းတွေဟာ စာသင်ကျောင်းတွေမှာ မြန်မာစာနဲ့ အင်္ဂလိပ်စာကို အဓိက သင်ကြားထားတာ ဖြစ်တဲ့အတွက် မိခင်ဘာသာစကားကိုသာ ငယ်စဉ်ကတည်းက အသုံးပြုလာတဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွက် စာသင်ကျောင်းတွေမှာ သင်ယူမှုအခက်အခဲတွေ ရှိနေတယ်လို့ ခူးပလုရယ်က သုံးသပ်ပြောဆိုထားပါတယ်။

လက်ရှိ ကရင်နီပြည်က စစ်ရှောင်စခန်းတချို့မှာ ကိုယ်ထူကိုယ်ထ ယာယီစာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားပေးနေပြီး အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ရဲ့ လမ်းညွှန်မှုနဲ့ သင်ကြားနေတဲ့ ကျောင်းတွေရှိသလို ကိုယ့်မိခင်ဘာသာစကားကို ထည့်သွင်းအသုံးပြုတာတွေလည်း ရှိပါတယ်။

CDM ပညာရေးဝန်ထမ်း ဆရာမတွေနဲ့ ပရဟိတဆရာမတွေ ပူးပေါင်းပြီး စစ်ရှောင်ကလေးတွေရဲ့ ပညာရေးအဆက်မပြတ်သွားစေဖို့ ပုံစံမျိုးစုံနဲ့ ဆောင်ရွက်သင်ကြားပေးနေတာတွေ ရှိပါတယ်။