spot_img
23.2 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းလွိုင်ကော်မြို့ ရေဘေးအတွင်း သေဆုံးသူ ၃ ဦး ရှိတယ်လို့ မြို့ခံ‌တွေပြော

လွိုင်ကော်မြို့ ရေဘေးအတွင်း သေဆုံးသူ ၃ ဦး ရှိတယ်လို့ မြို့ခံ‌တွေပြော

-

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းမှာ စက်တင်ဘာလ ၁၄ရက်နေ့ကစပြီး ကြုံတွေ့ရတဲ့ ရေဘေးအတွင်း သေဆုံးသူတွေရှိနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

စက်တင်ဘာလ တတိယပတ်အတွင်း နမ့်ကွတ်ရပ်ကွက်မှာ သေဆုံးသူ ၂ဦး ရှိ‌ပြီး အမျိုးသားတွေဖြစ်တယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပြပါတယ်။ သေဆုံးသူတွေရဲ့အမည် ၊ အသက်အရွယ်ကိုတော့ မသိရှိရပေမယ့် မီးသတ်တပ်ဖွဲ့က အလောင်းသွားဆယ်ယူခဲ့တယ်လို့ ပြောပါတယ်။

”သေတဲ့သူတွေက ဓာတ်လိုက်ပြီး သေတာ ဘယ်သူဘယ်ဝါ ရယ်လို့ မပြောနိုင်ပေမဲ့ သူခိုးတွေ လို့တော့ ထင်တာပဲ။ ” လို့ ‌မြို့ခံတစ်ဦးက ဆိုပါတယ်။

လွိုင်ကော်မြို့ ဒေါနိုးကူး ၊ နမ့်ကွတ် စတဲ့ ရပ်ကွက်မှာ ရေနစ်မြှုပ်နေတာကြောင့် ပြည်သူတွေကို သွားလာခွင့်ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။ လတ်တလော မြို့တွင်းနေရာကို ဖြတ်သန်းသွားရတဲ့အခါ မီးတပ်တပ်ဖွဲ့ရဲ့ စက်လှေတွေကိုသာ အားကိုးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့အနီးက စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးလည်း နှမ်း ခုတ်သွားရာက‌နေ ပျောက်ဆုံးနေပြီး ၄င်း အသုံးပြုခဲ့တဲ့ ကားကျွတ်ကိုသာ ၁၀ရက်အကြာမှာ ပြန်လည်တွေ့ရှိရတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

”သူက ကြတ်ဂူ ဖက်မှာ နှမ်းသွားခုတ်တာ ၊ အပြန် ရေကြီးနေတော့ သူ့ကို မပြန်ဖို့ အဲ့ဖက်ကလူတွေ တားနေတာကို ဇွတ်ပြန်လာတယ်။ လိုက်ရှာနေတာတော့ ၁၀ ရက်လောက် ရှိပြီ ၊ ကျွတ်ပဲ ပြန်တွေ့တော့ သေပြီလို့ပဲ သတ်မှတ်လိုက်တယ်။ ” လို့ စစ်ဘေးရှောင်ပြည်သူ တစ်ဦးကဆိုပါတယ်။

လွိုင်ကော်မြို့တွင်းမှာ ရေဆက်လက်မြှင့်တက်နေဆဲဖြစ်ပြီး ရေစီးသန်တဲ့ မြို့တွင်းနေရာတချို့ နဲ့ တံတားကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့တွင်းဧရိယာရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ရေလွှမ်းမိုးနေပြီး ရေကျဖို့အတွက် လနဲ့ ချီ ကြာနိုင်တယ်လို့ လွိုင်ကော်ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ