spot_img
29.1 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်မှာ (၂၇၆၄)နှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို စုပေါင်းပြုလုပ်

ဒီးမော့ဆိုမြို့နယ်မှာ (၂၇၆၄)နှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို စုပေါင်းပြုလုပ်

-

ကန္တာရ၀တီတိုင်း (မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတရွာမှာ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ (၂၇၆၄)နှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒေသခံကရင်လူမျိုး နဲ့ တခြားသော တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

“ဒီနှစ်ကတော့ ကျနော်တို့ကရင်နီပြည်မှာရှိတဲ့ ကရင်တိုင်းရင်းသား တွေနဲ့အတူ ဒီမှာ မှီတင်းနေထိုင်ကြတဲ့ ထိုင်ကြတဲ့ တိုင်းရင်းသားညီနောင်တွေနဲ့အတူ စုပေါင်းပြီးတော့မှ ကရင်နှစ်သစ်ကူးပွဲကို ပြန်လည်ပြုလုပ်ရခြင်းဖြစ်တယ်။” လို့ ကရင်နှစ်သစ်ကူး အခမ်းအနားဖြစ်မြောက်ရေး ကော်မတီ အထွေထွေ အ‌တွင်းရေးမူး စအိုင်စူး က ကန္တာရ၀တီတိုင်း (မ်) ကို
ပြောပါတယ်။

ကရင်နီပြည်မှာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက လုံခြုံရေးအရ မပြုလုပ်ရတာ လေးနှစ်တိုင်ရှိခဲ့ပြီလို့ ဆိုပါတယ်။

” ကျနော်တို့ကရင်လူမျိုးတွေဟာ တကယ်ပဲ အစဉ်အလာကြီးတဲ့ လူမျိုးတွေဖြစ်တယ်။ဘယ်နေရာ
မှာပဲရောက်ရောက် ကရင်လူမျိုးတွေဟာ ပျံ့နှံ့နေထိုင်ကြတဲ့ လူမျိုးတွေအားလုံးဟာ ကိုယ့်ကိုယ်ကို ကရင်လို့ သိပြီးတော့မှ ကရင်အမျိုးသားရေးအတွက် ကရင့်ရိုးရာယဉ်ကျေးမှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့နဲ့အတူ လူငယ်လူရွယ်တွေ ဆက်လက်လက်ဆင့်ကမ်းပြီးတော့မှ ကရင့်ရဲ့သမိုင်းအစဉ်အလာတွေကို သိရှိပြီးတော့မှ ထိန်းသိမ်းနိုင်ဖို့နဲ့ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်နိုးကြားစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါတယ်” လို့ အထွေထွေအတွင်းရေးမှူး စအိုင်စူး က ဆိုပါတယ်။

ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ကရင်နီပြည်မှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုများ၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ (IEC)၊ ဘာသာရေးအဖွဲ့အစည်းများနဲ့ မွတ်စလင်လူငယ်များ အပါအ၀င် လူဦးရေ (၃၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားအစီအစဥ်ကို အပိုင်းသုံးပိုင်းနဲ့ ကျင်းပခဲ့ကြပြီး ပထမပိုင်းအနေနဲ့ ကရင်အမျိုးသားအလံတော်လွင့်ထူကာ အလေးပြုခြင်း၊ ဒုတိယပိုင်းအနေနဲ့ ဖိတ်ကြားထား‌တဲ့ ဧည့်သည်တော်များက ဂုဏ်ပြုစကားများပြောကြားခြင်း၊ ပေးပို့လာသော သ၀ဏ်လွှာများဖတ်ကြားခြင်း၊ ကြွရောက်လာကြတဲ့ ဧည့်သည်တော်များကို မေတ္တာလက်ဆောင်များပေးအပ်ခြင်း နဲ့ အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြပါတယ်။ တတိယအစီအစဥ်အနေနဲ့ကတော့ အလံတော်အားပြန်လည်ရုတ်သိမ်းကာ အခမ်းအနား အဆုံးသတ်ခြင်းတို့ပဲဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ