spot_img
Homeသတင်းဒီးမော့ဆို-မော်ချီးလမ်းပိုင်းတနေရာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရ

ဒီးမော့ဆို-မော်ချီးလမ်းပိုင်းတနေရာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ကနေ မော်ချီးဒေသကို သွားတဲ့ လမ်းပိုင်းတနေရာမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ အတွင်းရေးမှူး (၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဆိုပါဖြစ်စဉ်ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ ၊ ညနေ ၃ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ အသံမျိုးမျိုးကြားတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာက ၁၀ ဦးဝန်းကျင်ရှိတာက ပြောလို့ရပါတယ်။ သေဆုံးတယ်ဆိုတဲ့ အသံတော့ သတင်းတော့ ကျနော်တို့ မရဘူးပေါ့နော်။ အကြမ်းအားဖြင့်ကတော့ ထိခိုက်ဒဏ်ရာ ၁၀ ဦးရှိတယ်လို့တော့ အကြမ်းအားဖြင့် သိတယ်။ သေဆုံးမှုမရှိဘူးနော်” လို့ ဦးဗညားက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားချိန်မှာ လမ်းပေါ်သွားလာနေတဲ့ ယာဉ်တချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဖြစ်စဉ်အခြေအနေ သိရှိသူ အမျိုးသားတဦးက ပြောပါတယ်။

“တခြားထိခိုက်မှုတွေတော့ရှိတယ်။ ကားတို့၊ အဲ့ချိန် ကားတစီး ရေထဲမှာပဲရှိတဲ့အချိန်ဆိုတော့ အဲ့ကားတစီးတော့ ပိုထိတာပေါ့။ ဒါပေမဲ့ ပြန်မောင်းလို့တော့ရတယ်။ ကြီးကြီးမားမားတော့ မရှိဘူးထင်တာပဲ” လို့ သူက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးဝန်းကျင်ရှိတယ်လို့ ကနဦးသိရှိထားပေမယ့် ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ အာဏာသိမ်းစစ်တပ်က ယခုနိုဝင်ဘာလအတွင်း ကရင်နီပြည်က စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၊ အရပ်သားနေထိုင်တဲ့နေရာ၊ အများပြည်သူသွားလာနေတဲ့ လမ်းတွေကို အသေခံဒရုန်းတိုက်ခိုက်မှုအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ