ကန္တာရဝတီတိုင်း(မ်)
ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့ မနက် ၈ နာရီနဲ့ ညနေ ၃ နာရီ အချိန်မှာ ကရင်နီပြည် ဖရူဆိုမြိုနယ် အတွင်းက စစ်ဘေးရှောင်တွေရှိတဲ့ နေရာ နဲ့ ကျေးရွာအချို့ကို ဦးတည်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
” မနေ့က ညနေ ၃ နာရီချိန်လောက်က စစ်ဘေးရှောင်ဘက်ကို လက်နက်ကြီး နှစ်လုံးကျတယ်၊ မနက်ပိုင်းမှာတော့ ထီးပေါ်ဆို၊ ထီးသော်ကူးရွာ ဘက်ကို အမှတ် ၁၄ က၊ ၁၀ လုံး နီးပါး ပစ်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဆိုပါပစ်ခတ်မှုတွေကို ဖရူဆိုမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းက ပစ်ခတ်ခဲ့တယ်လို့လည်းဆိုပါတယ်။
ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်လူထုနဲ့ အရပ်သားတွေ ထိခိုက်မှု မရှိပေမယ့် စိုးရိမ်နေကြတယ်လို့ လည်းထပ်လောင်းပြောပါတယ်။
ဖရူဆိုမှာရှိတဲ့ စစ်ကောင်စီရဲ့ အခြေစိုက်စခန်းတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ လအတွင်းမှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေဖြည့်တင်းထားတာကြောင့် စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနိုင်တယ်လို့ လည်း တော်လှန်ရေးရဲဘော်တဦးက သုံးသပ်ပြောဆိုပါတယ်။
“ခုလောဆယ်က လှုပ်ရှားမှုမတွေ့သေးဘူး။ သူတိုထွက်လာဖို အနေအထားတော့ ရှိမယ်ထင်တယ်၊ ကျနော်တို့လည်း နေ့ညမပြတ်စောင့်ကြည့်နေပါတယ်။ လမ်းလည်း ယာယီပိတ်ဖို့ရှိပါမယ်၊ ပြည်သူတွေ မသွားလာရင် ပိုကောင်းတာပေါ့၊ စစ်ကြောင်းက အချိန်မရွေး ရောက်လာနိုင်တယ်။” လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
ဖရူဆိုမှာ စစ်တပ်က လက်နက်ကြီး တွေနဲ့ ကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေကိုပါ ဦးတည် ပစ်ခတ်တာ ရှိလာတာကြောင့် အများပြည်သူ သွားလာ သတိထားဖို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တိုက်တွန်းထားပါတယ်။




