ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ တော်လှန်ရေးကာလအတွင်း အခြေအနေအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံ့ဝန်ထမ်း CDM တွေရဲ့ မိသားစုဝင်တွေကို ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီ ကနေ ထောက်ပံ့ပေးသွားမယ့် အစီအစဥ် ဆောင်ရွက်နေပါတယ်။
လက်ရှိပြုလုပ်နေတဲ့ အစီအစဥ်ဟာ ထောက်ပံ့ပေးနိုင်မယ့် ပမာဏ အနည်းအများထက် အခြေအနေအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ CDM တွေရဲ့ စာရင်းကို မှတ်တမ်းရရှိနိုင်ဖို့ ရည်ရွယ်ပြီး ရှေ့ဆက် ထောက်ပံ့ပေးသွားနိုင်ဖို့ဖြစ်တယ်လို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီ ရဲ့ ဥက္ကဌ က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“ကျမတို့ CDM ကော်မတီ အနေနဲ့ ဘာတွေလဲလို့ ပြောရင် ထောက်ပံ့ပေးမယ့် ပမာဏလို့ပြောရင် ကျမတို့ကတော့ တစ်ယောက်ချင်းစီတိုင်းပေါ့။ CDM တစ်ယောက်ချင်းစီတိုင်း အကြောင်းအမျိုးမျိုးကြောင့် ကျဆုံးသွားတဲ့ စီဒီအမ် တွေကို ကျမတို့ စာရင်းအရ မှတ်တမ်းလေးတွေနဲ့ လုပ်ချင်တယ်။ ထောက်ပံ့မှုအနေနဲ့ကတော့ ဘယ်လောက်များနိုင်မလဲ ဆိုတာ ကျမတို့ အကောင်းဆုံးရှာပေးဖို့ ၅သောင်းရရ၊ ၁သိန်းရရ ရဖို့ ဆိုတဲ့ ရည်ရွယ်ချက်လေး ရှိတာပေါ့နော်။ ဒါကြောင့်မလို့ ကျမတို့ ကော်မတီအနေနဲ့ ဘယ်လောက်ထိ ကြိုးစား ရှာဖွေရဦးမလဲ ထောက်ပံ့ရဦးမလဲ ဆိုတဲ့ အစီစဥ်ကို ပြောပြချင်တာဖြစ်ပါတယ်။” လို့ CDM ကော်မတီ ရဲ့ ဥက္ကဌ က ဆိုပါတယ်။
အထောက်အပံ့ရရှိဖို့ကိုတော့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ကော်မတီရဲ့ facebook page messenger (Chat Box) ကို စာရင်းပို့ရမှာဖြစ်ပြီး သတ်မှတ်ချက်တွေကိုလည်း ချမှတ်ထားတာ ရှိပါတယ်။
စာရင်းသွင်းရာမှာ သတ်မှတ်ချက်အနေနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံဝန်ထမ်း (CDM) ဖြစ်သူရဲ့ အမည်၊ မွေးသက္ကရာဇ်၊ CDM လုပ်ခဲ့တဲ့ မြို့နယ်နဲ့ ဌာန၊ ရာထူး၊ ရုံး၊ ရက်စွဲ၊ ကျဆုံးခဲ့ရတဲ့ ရက်စွဲ နဲ့ အကြောင်းအရင်း၊ အမြဲတမ်း နေရပ်လိပ်စာ၊ ဆက်သွယ်ရန် မိသားစုရဲ့ လိပ်စာ (သို့မဟုတ်) ဆက်သွယ်ရန်ဖုန်း နံပါတ် (သို့မဟုတ်) စင်ဂနယ် နံပါတ် နဲ့ အခြား မျှဝေလိုတဲ့ အချက်၊ သတင်းစကား (သို့မဟုတ်) ကြုံတွေ့ခံစားနေရတဲ့ အခြေအနေတွေကို ဖြည့်စွက် ရေးသားနိုင်တယ်လို့ ဆိုပါတယ်။
ကရင်နီပြည် နိုင်ငံ့ဝန်ထန်း CDM ကော်မတီကနေ စီဒီအမ်တွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး “လက်တွဲကူညီ စီဒီအမ်ထုဆီ” ဆိုတဲ့ အစီစဥ်တစ်ခုကိုလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့တာရှိပါတယ်။
အဆိုပါ ပြုလုပ်ခဲ့တဲ့ အစီအစဉ်မှာ နိုင်ငံ့ဝန်ထမ်းစီဒီအမ် တချို့ကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးခဲ့သလို လက်ရှိ အစီအစဥ်မှာလည်း ချမှတ်ထားတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေကို ကူညီဆောင်ရွက်သွားမယ်လို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီ ရဲ့ ဥက္ကဌက ပြောဆိုထားပါတယ်။