spot_img
15.9 C
Loikaw
Friday 2, January 2026
spot_img
Homeဆောင်းပါးလာမယ့် ၂၀၂၆ ခုနှစ်အတွင်း ကရင်နီမှာ စားနပ်ရိက္ခာငတ်မွတ်မှုနဲ့ ကြုံတွေ့ ရနိုင်သလား

လာမယ့် ၂၀၂၆ ခုနှစ်အတွင်း ကရင်နီမှာ စားနပ်ရိက္ခာငတ်မွတ်မှုနဲ့ ကြုံတွေ့ ရနိုင်သလား

-

ထွေးရယ်/ကန္တာရဝတီတိုင်း(မ်)

ကမ္ဘာ့ကုလသမဂ္ဂ ရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က မြန်မာနိုင်ငံက လူဦးရေ ၁ သန်းခန့်ဟာ အသက်ကယ်ဆယ်ရေး အကူအညီတွေလိုအပ်နေပြီး ဆာလောင်မွတ်သိပ်မှု အရေးပေါ်အဆင့်ကို ရောက်ရှိနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ သတိပေးထားပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၂ သန်းကျော်ဟာ ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ခံစားရနိုင်တယ်လို့လည်း ဆိုထားပါတယ်။

ဆိုတော့ လူဦးရေ (၃) သိန်းဝန်းကျင်လောက်သာ ရှိနေတဲ့ ကရင်နီပြည်မှာကကော လာမယ့် နှစ်မှာ ငတ်မွတ်မှုနဲ့ ကြုံတွေ့ နိုင်ပါသလား?

၂၀၂၅ ခုနှစ်အတွင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဌာနက ကောက်ယူရရှိထားတဲ့စာရင်းအရ ဖယ်ခုံမြို့နယ် ၊ နန်းမယ်ခုံမြို့နယ်၊ လွိုင်နန်းဖမြို့နယ် ၊ ကေးလျားမြို့နယ်၊ ဒီးဘောင်းခူမြို့နယ် စတဲ့ မြို့နယ် (၅) မြို့နယ်မှာ စိုက်ပျိုးနိုင်ခဲ့တဲ့ လယ်ယာ ဧကပေါင်း (၃၆,၀၀၀) ကျော် သာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ရဲ့ စိုက်ပျိုးနိုင်တဲ့ ဧရိယာနဲ့ ယှဉ်ရင် ၂၀၂၅ ခုနှစ်မှာ စိုက်ပျိုးနိုင်တဲ့ ဧရိယာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

“အဓိက ကျဆင်းတဲ့အကြောင်းအရင်းက ပထမတချက်တော့ အရင်နှစ်ကတော့ ရေလွှမ်းထားတော့ ဒီနှစ်လည်း ရေတချို့ပြန်လွှမ်းတယ်လေး။ တချို့လည်းပြန်လွှမ်းတယ်ဆိုတော့ အဲ့နေရာ စိုက်ပျိုးတဲ့တောင်သူတွေက မစိုက်ကြတော့ဘူး။ မစိုက်ရဲကြတော့ဘူး ဘာဖြစ်လို့လဲဆိုတော့ တနှစ်ပြီး တနှစ် ဆုံးရှုံးမှုတွေ တအားများလာလို့ စိုက်ပျိုးဧက နည်းလာတယ်။ အဲ့တချက်ပါတယ်။ နောက်တခုက စစ်ကြောင်းထိုးလာတယ်။ နည်းနည်းလေးနီးစပ်လာတော့ တောင်သူတွေ မစိုက်ရဲကြတဲ့အပိုင်းလည်း ပါတယ်။ ဒီနှစ်ချက်ကြောင့်ပဲ အဓိကတော့ စိုက်ဧက နည်းသွားတာပါတယ်။” လို့ IEC- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဌာန ဒုဌာနမှူး-၁ ကိုတင့်ဆွေက အခုလို ပြောဆိုပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ နွေစပါးတွေ ဟာ စစ်ကော်မရှင်တပ်နဲ့ PNO ပူးပေါင်း တပ်ဖွဲ့တို့ ရဲ့ ထိုးစစ်ကြောင့် ရိတ်သိမ်းနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် မိုးစပါးကိုလည်း စိုက်ပျိုးလုပ်ကိုင်ခွင့် မရကြပါဘူး။

လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်း၊ ဒီးမော့ဆိုမြို့နယ် နဲ့ ထိစပ်နေတဲ့ လယ်ကွင်းတွေမှာလည်း လုံခြုံရေးအခြေအနေကြောင့် တောင်သူတွေဟာစိုက်ပျိုးလုပ်ကိုင်ခွင့် မရကြသလို အန္တရာယ်တွေကြား အရဲစွန့်ပြီး စိုက်ပျိုးထားတဲ့ ကျေးရွာတွေနဲ့ နီးတဲ့ လယ်စပါးစိုက်ခင်းတချို့ကိုလည်း စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ရိတ်သိမ်းခွင့်တွေဆုံးရှုံးနေပါတယ်။

စားနပ်ရိက္ခာ အတွက် ဆန်စပါးကို အဓိကလိုအပ်နေချိန်မှာပဲ စိုက်ပျိုးနိုင်တဲ့ နှုန်းက ယခင်နှစ်တွေကထက် ၊ ထက်ဝက်ကျော်လောက်ကို ကျဆင်းသွားတယ်လို့ IEC ရဲ့ အတွင်းရေးမှုး (၂) ဆရာဗညားက ပြောပါတယ်။
ထုတ်လုပ်နိုင်မှုလျော့ကျတာကြောင့် ပြည်နယ်အတွင်း စားသုံးနေတဲ့ လူဦးရေအတွက် စားနပ် ရိက္ခာဟာ ၂၀၂၆မှာ စိုးရိမ်ရတဲ့ အနေအထား ရှိနိုင်ကြောင်း IEC ရဲ့ အတွင်းရေးမှုး (၂) ဆရာဗညားက အခုလိုပြောပါတယ်။

“၂၀၂၆မှာ စားနပ်ရိက္ခာက ကျနော်တို့ အကျပ်အတည်း ရှိလာနိုင်ချေရှိတယ်။ စိုက်ပျိုးမှု ပမာဏပေါ်မှာ အခြေခံပြီးတော့၊ ဒီပြည်နယ်ပေါ်မှာ ထွက်တဲ့ ဆန်စပါးကို မှီခိုပြီးတော့စားနေတဲ့ လူဦးရေပမာဏနဲ့ ဒီနှစ်မှာ ထွက်တဲ့ ဆန်စပါး ပမာဏကို ကြည့်ရင်တော့ ကျနော်တို့က စားနပ်ရိက္ခာ စိုးရိမ်တဲ့ အခြေအနေရှိတယ်လို့ ပြောလို့ရတယ်” လို့ ဆရာဗညားက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာကို သိမ်းယူလိုက်ပြီးတဲ့ နောက်ပိုင်းကတည်းက ကရင်နီပြည်သူ သုံးပုံ နှစ်ပုံခန့်ဟာ ဒေသတွင်းတိုက်ပွဲတွေနဲ့ စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေကြောင့် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ အလုပ်အကိုင်ဝင်ငွေ မရှိဘဲ ရပ်တည်လာခဲ့ကြတာ ယခုလိုဆိုရင် လေးနှစ်ကျော် ငါးနှစ်နီးပါးကို ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။ အလှူရှင်တွေကို မျှော်ကိုးနေရတဲ့ အပြင် သူတို့ရဲ့ စားဝတ်နေရေး ပြဿနာကို အဓိကထားဖြေရှင်းပေးနိုင်တဲ့ တခုထဲသောအရာက တနိုင်တပိုင် စိုက်ပျိုးလုပ်ကိုင်မှုတခုသာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် အတွင်းမှာတော့ သဘာဝဘေးဒဏ်နဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် စိုက်ပျိုးထားတဲ့ လယ်ယာမြေ ဧကပေါင်း (၅,၂၀၀)ကျော် ကိုလည်း ဆုံးရှုံးလိုက်ရတာပါ။
ငလျင်ကြောင့် တောင်ကမ်းပါးပြိုတာ၊ မိုးဗြဲရေလှောင်တမံက ရေကို စစ်ကောင်စီက ဖွင့်ချတာကြောင့် စိုက်ခင်းတွေ ရေလွှမ်းပျက်စီးတာအပြင်၊ မိုးများတာကြောင့် စိုက်ခင်းတွေရေလွှမ်းတာတွေဖြစ်ပွားခဲ့တာပါ။

ကရင်နီပြည် လွိုင်ကော် အရှေ့ဘက်ခြမ်းမှာ နေထိုင်တဲ့ စစ်ရှောင်ကော်မတီ အမျိုးသမီး တဦးကတော့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို အခုလိုပဲ ရင်ဖွင့်လာပါတယ်။

“ အထူးသဖြင့် စစ်ကော်မရှင် ဘက်က မြေပြင်စစ်ကြောင်း ထိုးတာအပြင် လက်နက်ကြီး၊ လေယာဥ် နဲ့ လည်း မကြာခဏ ပစ်ခတ်နေတဲ့အတွက် သီးနှံစိုက်ပျိုးဖို့၊ ရိတ်သိမ်းဖို့နဲ့ ရောင်းဖို့ အတွက် အဆင့်ဆင့်တိုင်းမှာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ သီးနှံစျေးက အဆမတန်နည်းပြီး ကုန်စျေးနှုန်းနဲ့ သယ်ယူစရိတ်တွေက တအားမြင့်တဲ့အတွက် စစ်ရှောင်တွေက အရင်ထက်အများကြီး ပိုခက်ခဲလာတယ်။ အခုလိုပုံစံအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင်တော့ လာမယ့် ၂၀၂၆ မှာ စားနပ်ရိက္ခာအတွက် စိုးရိမ်ရမယ့် အနေအထားမှာ ရှိပါတယ်။” လို့ လွိုင်ကော်အရှေ့ဘက်ခြမ်းမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

၂၀၂၅ ခုနှစ်မှာတော့ ကရင်နီပြည်တွင်းရဲ့ စစ်ရှောင်စခန်းတွေ အများစုမှာ စားနပ် ရိက္ခာ ၊ ဖူလုံမှု မရှိတဲ့ ပြဿနာတွေ နဲ့ ရင်ဆိုင်နေကြရတာကို တွေ့ မြင်ရပါတယ်။ စစ်ရေး အရှိန်အဟုန်မြင့်တက်လာတာနဲ့ အမျှ စစ်ရှောင်တွေရဲ့ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေက ပိုမိုမြင့်မားလာပါတယ်။

“အခုနောက်ပိုင်းမှာ ဆိုရင် စားနပ်ရိက္ခာပြတ်တောက်တာ စခန်းတိုင်းလိုလို ဖြစ်နေတယ်။ စခန်းတိုင်းမှာ လူဦးရေ မိသားစု ဆယ်စု၊ ဆယ့်ငါးစု ကနေ ဒီ့ထက်များလာတယ်။ အရင်တုန်းက စခန်းတော်တော်များများက စားနပ်ရိက္ခာပြတ်တောက်မှု မကြားဘူး။ အခုနောက်ပိုင်းက ခဏခဏ ကြားရတယ်။ နောက်ပြတ်တောက်မှု၊ ပြတ်လပ်မှု ရှိတဲ့ မိသားစုဝင်ဦးရေ၊ မိသားစုအရေအတွက်တွေ ပိုများလာတယ်။ ဒီဟာကို ထောက်ခြင်းအားဖြင့် ၂၀၂၆ မှာ ဒီထက်ဆိုးဝါးတဲ့ အခြေအနေ ရောက်ရှိနိုင်တယ်” ဆရာ ဗညားက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ ၂၀၂၅ ခုနှစ်အတွင်း စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ နှုန်းနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့အတွက် အခက်အခဲစိန်ခေါ်မှုတခု ဖြစ်လာပါတယ်။

ပြည်နယ်တွင်း စားဝတ်နေရေး ပြဿနာကိုပြေလည်နိုင်ဖို့ ပြည်ပကနေတင်သွင်းတဲ့ စားနပ်ရိက္ခာ တွေကို မှီခိုရတာဟာ (၃၅) ရာခိုင်နှုန်းထိ ရှိနေတယ်လို့လည်း ဆရာ ဗညားက ပြောဆိုထားပါတယ်။

WFP အနေနဲ့ ၂၀၂၆ ခုနှစ်အတွင်း အကူအညီလိုအပ်နေသူ ၁၂ သန်းကျော်မှာ ၁ ဒသမ ၃ သန်းကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်သွားနိုင်ဖို့ ရည်မှန်းထားပြီး အဲဒီ အတွက် အမေရိကန်ဒေါ်လာ ၁၂၅ သန်း လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ကရင်နီပြည်တွင်း စစ်ရှောင်အရေး တက်ကြွလှုပ်ရှားနေသူ အမျိုးသမီးကတော့ လာမယ့် ၂၀၂၆ခုနှစ်မှာ စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို အခုလိုပဲ ပြောဆိုသွားပါတယ်။

“၂၀၂၆ မှာ စစ်ရေးအခြေအနေက ဒီလိုအခြေအနေပဲ ဆက်ဖြစ်မယ်ဆိုရင် ကရင်နီပြည်မှာရှိတဲ့ ပြည်သူလူထုတွေအတွက် စားနပ်ရိက္ခာလိုအပ်ချက်က ပိုပြီး စိုးရိမ်ဖွယ်အနေအထားဖြစ်လာနိုင်တယ် ။ ဘာလို့လဲဆိုရင် အရင်နှစ်တွေကဆိုရင် စစ်ရှောင်ပြည်သူတွေက သူတို့ရောက်တဲ့နေရာမှာ စားဝတ်နေရေး ဖြေရှင်းနိုင်ရန်အတွက် နိုင်သလောက် စိုက်ပျိုးနေကြရသေးတယ် ။ ယခုနှစ်မှာကတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပြန်ရိတ်သိမ်းဖို့တောင် အခြေအနေမပေးဘူး ။ ရိတ်သိမ်းတောင်သူတွေကိုနေ့စဉ်နှင့်အမျှ ဒရုန်းနဲ့လာကြဲနေတာတွေ၊ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေလည်းမနည်းတော့ဘူး၊၊ အဲဒါကြောင့် ၂၀၂၆ ခုနှစ်အတွင်းမှာတော့ စိုးရိမ်ပူပန်မှုအမြင့်ဆုံးထဲမှာ စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်းပါမယ်ဆိုတာကို ပြောချင်ပါတယ်။” လို့ စစ်ရှောင်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတဦးကပြောပါတယ်။

လက်ရှိကရင်နီပြည်မှာ စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ တောင်သူတွေကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေပြီး သေဆုံးသူ ၄ ဦးအထိရှိနေသလို ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးရှိပါတယ်။ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီဟာ အဆိုပါ တိုက်ခိုက်မှုတွေကို ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ