spot_img
Homeဆောင်းပါး“အမှောင်ထုတွေနဲ့ လွှမ်းခြုံနေတဲ့ လက်ကျန်ဘဝ”

“အမှောင်ထုတွေနဲ့ လွှမ်းခြုံနေတဲ့ လက်ကျန်ဘဝ”

-

ကယ်ရိုလိုင်း ( အလုပ်သင်) / ကန္တာရဝတီတိုင်း(မ်) ရေးသားသည်။

ပေါက်ကွဲသံကြီး တချက်နဲ့အတူ သူ့ကမ္ဘာတခုလုံး အမှောင်ကျသွားခဲ့ပါတယ်။ အသိစိတ် ပြန်ဝင်လာချိန်တွင် မြင်လိုက်ရတာက အနက်ရောင်အမှောင်ထုသာ။ အဲ့ဒီနေ့ကစပြီး သူ့အတွက် အလင်းကို ပြန်လည်မြင်တွေ့နိုင်ခြင်းက မဖြစ်နိုင်တော့သလို ဖြစ်သွားခဲ့ပါတယ်။

‘’အဲ့ဒီနေ့က ည ၁၁ နာရီ ဖြစ်တယ်။ ပထမတလုံးထောင်ပြီးသွားတော့ နောက်တလုံးထောင်မဲ့ အချိန်မှာ ပေါက်ကွဲသွားတာ၊ ပေါက်ကွဲတဲ့အချိန်မှာ မီးပွင့်တာကလွဲရင် ကျန်တာ ဘာမှမမှတ်မိခဲ့ဘူး။ အသိစိတ်ဝင်လာတဲ့အချိန်မှာတော့ ဆေးရုံရောက်နေပြီ မိသားစုတွေလည်း အနားမှာရှိနေကြတယ်’’

ဒီအကြောင်းကို ပြန်လည်ပြောပြနေသူက အသက် ၃၀ အရွယ် အန်ပရောဆို ဖြစ်ပါတယ်။ သူက ကရင်နီပြည်တပ်မတော် KA ရဲ့ တပ်ဖွဲ့ဝင် မိုင်းရှင်းလင်းသူတဦးပါ။ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့မှာ မိုးဗြဲ-ဖယ်ခုံဒေသတွင်း တနေရာမှာ ထိတွေ့တိုက်ပွဲပြင်းထန်နေစဉ် မိုင်းထောင်ပေးနေရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမြင်အာရုံကို ဆုံးရှုံးခဲ့ရတာပါ။

ဆရာဝန်များရဲ့ ပြောကြားချက်အရ ဘယ်ဘက်မျက်လုံးမှာ မျက်ကြည်လွှာအစားထိုးကုသမှု ပြုလုပ်နိုင်ပါက အမြင်အာရုံ ပြန်လည်ရရှိနိုင်ခြေ ရှိပါတယ်။ ညာဘက်မျက်လုံးမှာတော့ မျက်လုံးအတု တပ်ဆင်ရမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အန်ပရောဆို တယောက် မသေချာမရေရာသော်လည်း မျှော်လင့်ချက်တစကို ဒီကနေ့အထိ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

အခန်းပြင်ဘက်က ငှက်အော်သံများ၊ လူတွေရဲ့ စကားသံများကို ရှင်းရှင်းလင်းလင်း ကြားနိုင်သော်လည်း အဲ့ဒီအသံများက သူ့အတွက် ဆူညံသံများသာ ဖြစ်လာခဲ့ပါတော့တယ်။ မျက်လုံးနှစ်ဖက်စလုံး အလင်းပျောက်ဆုံးသွားပြီးနောက် ကမ္ဘာကြီးက သူ့အတွက် အဓိပ္ပာယ်မဲ့သွားခဲ့ရပါတော့တယ်။

အရင်က အန်ပရောဆိုဟာ တော်လှန်ရေးတပ်များ၊ အရပ်သားများအတွက် မိုင်းရှင်းလင်းပေးသူတဦး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအလုပ်ကို မိမိ မျက်စိဖြင့် လုပ်ဆောင်ခဲ့သူ ဖြစ်သော်လည်း ယခုအချိန်မှာတော့ ထမင်း တပန်းကန်ကိုပင် အခြားသူက ခူးပေးရတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ရပါတယ်။ ဒီလို ရှင်သန်နေရခြင်းကပင် သူ့အတွက် အားနာစရာတခုလို ဖြစ်နေတယ်လို့လည်း အန်ပရောဆိုက ရင်ဖွင့်ပြောဆိုလာပါတယ်။

အခက်အခဲချင်း တူညီသူများအကြား တစ်ဦးကိုတစ်ဦး ပြုစုစောင့်ရှောက်ရင်း ဖြတ်သန်းနေကြတဲ့ အန်ပရောဆို နဲ့ မိတ်ဆွေ ရဲဘော်တစ်ဦးရဲ့ ညနေစာ စားသည့် မြင်ကွင်း။

“တခါတလေသူများတွေ လျောက်လည်ကြတဲ့အချိန်မှာ လိုက်လည်ချင်ပေမဲ့ လှုပ်ရှားမှုတွေက အရမ်း‌နှေးနေတော့ သူများအတွက် ရှုပ်နေမှာကြောက်တယ်။ ဒါကြောင့်လည်း မလိုက်ဖြစ်ဘူး’’ လို့ အန်ပရောဆို က ပြောပါတယ်။

အခန်းပြင်ကို အန်ပရောဆိုတယောက် မထွက်ဖြစ်တော့ပါဘူး။ ထွက်သွားလည်း ဘာမှ မမြင်ရတော့တဲ့အတွက် အပြင်ထွက်ရမယ့် အကြောင်းရင်းကို သူ မတွေ့တော့တာပါ။ ဒါကြောင့်လည်း အခန်းကျဉ်းလေးအတွင်းမှာပဲ သူ့ကိုယ်သူ ပိတ်လှောင်ထားရတယ်လို့ ဆိုပါတယ်။

တချိန်က သူနှစ်သက်မြတ်နိုးခဲ့ရတဲ့ ရဲဘော်ဘဝကိုလည်း ယခုအခါ အတိတ်အဖြစ်သာ ပြောဆိုလာနိုင်ပါတော့တယ်။ “တပ်ရင်း၊ တပ်ခွဲ” စတဲ့ အကြောင်းအရာ စကားလုံးတွေကို ပြောရာမှာလည်း သူ့အတွက်တော့ “အရင်တုန်းကပေါ့” ဆိုတဲ့ စကားလုံးက အလိုအလျောက် ပါလာတော့တယ်။

“ထိမှထိ အခြားဟာထိ‌ပေါ့။ ဘာလို့မျက်လုံးကိုမှ လာထိရတာလဲ ဆိုပြီး စိတ်ပျက်မိတယ်။ စိတ်ဓါတ်လည်း အရမ်းကျမိတယ်။” လို့ လည်း သူက ပြောပါတယ်။

တချိန်က လွတ်လပ်ပေါ့ပါးစွာ နေထိုင်ခဲ့တဲ့ လူငယ်တယောက်၊ လုပ်ချင်ရာလုပ်ပြီး သွားချင်ရာ သွားနိုင်ခဲ့တဲ့ လူငယ်တယောက်၊ တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ပြီး စစ်အာဏာရှင်ကို အဆုံးထိတိုင် တော်လှန်ဖို့ အားကုန်ကြိုးပမ်းခဲ့တဲ့ လူငယ်တယောက်ကို အခုတော့ စိတ်ဓာတ်ကျမှုနဲ့ သိမ်ငယ်မှုတို့က ဝါးမျိုထားလိုက်ပါတယ်။

ဒဏ်ရာရရှိထားသူ အန်ပရောဆို နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် မိတ်ဆွေများ အချင်းချင်း အပြန်အလှန် ဖေးမကူညီမှုဖြင့် နေ့စဉ်ဘဝကို ဖြတ်သန်းနေကြပုံကို တွေ့ရစဉ်။

သူ့အတွက် မျှော်လင့်ချက် ယဲ့ယဲ့လေး ကျန်ရှိနေတာက မျက်ကြည်လွှာ အစားထိုးကုသမှုပါ။ ဒါကြောင့်လည်း အခုချိန်ထိ အဲ့ဒီမျှော်လင့်ချက်အပေါ် သူ စောင့်ဆိုင်းနေပါသေးတယ်။ သို့သော် အဲ့ဒီမျှော်လင့်ချက်ဟာလည်း မသေချာ၊ မရေရာတဲ့အတွက် အန်ပရောဆို တယောက် မျှော်လင့်ရင်း ပင်ပန်းနေရတဲ့ မျှော်လင့်ချက်တခုလို ဖြစ်နေပါတယ်။

“အရင်က မြင်ရတော့ သက်သာတယ်လေး။ အခုက မျက်လုံးက အခက်ခဲဖြစ်တယ်။ ထမင်းစားတဲ့ချိန်မှာ ခက်ခဲတယ်၊ ပင်ပန်းမှုတွေရှိတယ်၊ ကိုယ့်ဖာသာမရှာစားတတ်တော့ ဒုက္ခရောက်ရတယ်။ မျက်လုံးပြန်လုပ်ပေးရင် ကောင်းမယ်။ တခါတလေ အတွေးများပြီး စိတ်ညစ်ရတယ်” ဆိုပြီးတော့လည်း အန်ပရောဆို က ပြောထားပါသေးတယ်။

“မျက်လုံး ပြန်ကောင်းလာရင် သိပ်ကောင်းမယ်” ဆိုတဲ့ စကားကို အန်ပရောဆိုဟာ စာရေးသူနဲ့ စကားပြောတဲ့အချိန်မှာတင် ထပ်ခါထပ်ခါ ထည့်ပြောထားပါတယ်။ အဲ့ဒီစကားထဲမှာ မျက်စိအလင်းကို ပြန်လည်မြင်တွေ့လိုတဲ့ ဆန္ဒတခု ရှိနေသလို၊ အပြည့်အဝ မယုံကြည်ရဲတဲ့ စိုးရိမ်မှုတခုကလည်း ဖုံးကွယ်ထားပြန်ပါတယ်။

ဒါပေမဲ့ အမှောင်ထုထဲမှာ နေထိုင်နေရသော်လည်း အန်ပရောဆို ရဲ့ စိတ်အတွင်းတနေရာမှာတော့ မျှော်လင့်ခြင်းအလင်းတစ ရှင်သန်နေဆဲပါ။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ