ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ ယမန်နေ့(မေလ ၂၂ရက်)က ကရင်နီပြည်၊ လွိုင်ကော် မြို့နယ် အရှေ့ဘက်ခြမ်း တနေရာမှာ စစ်ရှောင်တွေ စိုက်ပျိုးရေး လုပ်ကိုင်နိုင်ဖို့ အတွက် ကယားလီဖု အဖွဲ့ကနေ စပါးမျိုးတွေကို ဖြန့်ဝေပေးခဲ့ပါတယ်။
စစ်ရှောင်ကာလအတွင်း ပိုမိုခက်ခဲတဲ့ အိမ်ထောင်စုတွေကို ဦးစားပေးရွေးချယ်ပြီး စပါးမျိုးတွေကို ပေးဝေထားတယ်လို့ ကယားလီဖုအဖွဲ့ တာဝန်ရှိသူ အမျိုးသမီးတဦးက ဆိုပါတယ်။
“အရေးပေါ် လိုအပ်တဲ့၊ ပိုပြီးတော့မှ ခက်ခဲတဲ့ အိမ်ထောင်စုတွေကို ရွေးချယ်ပြီးတော့မှ အိမ်ထောင်စု ၁၅၀ ကို အရင်ဆုံး ပေးတာ ဖြစ်တယ်။ မျိုးစေ့ကို ကျတော့ အိမ်ထောင်စု တစုကို ၂ အိတ် ၂ ဧက နှုန်းပေါ့။ အဲတာ အပြင် ထွန်ယက်ခ ကိုပါ ကျမတို့ ထုတ်ပေးတယ်”လို့ ကယားလီဖုအဖွဲ့ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
လွိုင်ကော်မြို့နယ် အရှေ့ခြမ်းက စစ်ရှောင်တောင်သူတွေဟာ စပါးမျိုးကောင်း၊မျိုးသန့်တွေကို ဝယ်ယူဖို့ ခက်ခဲနေတာကြောင့် အများစုဟာ ယခင်နှစ်တွေက စိုက်ပျိုးထားတဲ့ စပါးမျိုးစေ့တွေကိုသာ ပြန်လည် အသုံးပြုနေကြတာပါ။ အခုလို စပါးမျိုးကောင်း မျိုးသန့်ကို လာရောက်ပေးဝေးတာဟာ စပါးအထွက်နှုန်းကို ပိုမိုး တိုးစေကြောင်း စစ်ရှောင်တောင်သူတဦးက အခုလို ဆိုပါတယ်။
“စပါးမျိုးတွေက မျိုးကောင်းဆိုရင် တော့ စပါးတွေပိုပြီးတော့ အထွက်တိုးတာပေါ့။ စိုက်ပျိုးရတဲ့ အချိန်မှာလည်း ပိုကောင်းတယ်။ ပိုပြီးတော့မှ စိတ်ချမ်းသာတယ်။ အခုလို ထွန်ယက်ခ ၁ သိန်းလောက် ပေးတာကလည်း ကျနော်တို့ အတွက် အများကြီး သက်သာတယ်”လို့ စစ်ရှောင်တောင်သူ အမျိုးသားတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ခြံထွက် သီးနှံမျိုးစေ့တွေကို သာ ပေးဝေခဲ့ပါတယ်။ ဒီကနှစ်မှာတော့ စပါးမျိုးစေ့တွေကို ပေးဝေခဲ့တာ ဖြစ်ပြီး နောက်ထပ် စစ်ရှောင်နေရာ တချို့ကိုလည်း ဆက်လက် ပေးဝေသွားဖို့ ရှိမယ်လို့ သိရပါတယ်။
စပါးမျိုးစေ့တွေ မပေးဝေခင် မှာလည်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ(IEC)ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနက စစ်ရှောင်တောင်သူတွေကို စိုက်ပျိုးရေး နည်းစနစ်တွေကို ပညာပေး ပို့ချပေးခဲ့ပါတယ်။






