ကန္တာရဝတီတိုင်း(မ်)
ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၂) မှာ မိုးဦးကာလမှာတင် စတင် မိုးရေကြီးပြီး ရေတက်လာနေပြီ ဖြစ်တာကြောင့် စခန်းတွင်းလူထုတွေ စိုးရိမ်နေကြပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေကြပါတယ်။
ယမန်နေ့ မေလ ၂၅ ရက်နေ့မှာလည်း မိုးရွာသွန်းမှုကြောင့် တောင်ကျချောင်းရေ မြင့်တက်လာပေမဲ့ ထိခိုက်ပျက်စီးမှုတွေမရှိဘူးလို့ ဆိုပါတယ်။
“၅ လပိုင်းပဲရှိတယ် မိုးက ရွာတာ ပြီးမှ ရေကကြီးတာ။ အရင်နှစ်နဲ့ ပြန်ယှဉ်မယ်ဆိုရင် အရင်နှစ်ဆို ၉လပိုင်းမှ မဟုတ်ရင် ၈လပိုင်းမှ ရေကတက်လာတာပေါ့နော်။ အဲ့လောက်ကြီးတာပေါ့နော်။ ဒီနှစ်က ၅လပိုင်း ကျော်ကျော် ပဲရှိသေးတယ် ရေကကြီးလာပြီဆိုတော့ မမတို့ စခန်း ၂ က ရေက နည်းနည်း အန္တာရာယ်ဖြစ်လာနိုင်တာပေါ့နော်။ ကြိုတင်ပြီး ပြင်ဆင်ရမှာပေါ့နော်။” လို့ စခန်း (၂) က ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အဆိုပါ ရေမြင့်တက်လာမှုကြောင့် ရေချောင်းဘေးမှာ နေထိုင်တဲ့ လူထုနေအိမ်တွေ၊ ခြံဝန်းတွေထဲအထိ ရေတွေဝင်ရောက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အိမ်မွေးတိရစ္ဆာန် ခြံတွေပါ ရွှေ့ပြောင်းမှုတွေလုပ်ပေးရတယ်လို့ ဆိုပါတယ်။
ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၂) မှာတော့ မိုးရာသီရောက်တိုင်း တောင်ကျချောင်းရေ မြင့်တက်တာကိုကြုံတွေ့နေကြပြီး စာသင်ကျောင်းတွေကို ယာယီ ပိတ်ထားလိုက်ရတဲ့နှစ်တွေလည်း ရှိခဲ့ပါတယ်။





