ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းက လမ်းမကြီးတနေရာမှာ လမ်းအက်ကွဲမှုတွေ ဖြစ်ပေါ်နေပြီး ပေ ၁၀၀ ကျော် အရှည်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပေ ၁၀၀ ကျော်မလားဘဲ။ စိုးရိမ်ရပြီပေါ့၊ မြေကတော်တော်ကျွံကျနေပြီ”လို့ သွားလာနေတဲ့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါလမ်းမကြီးကို ဒေသခံတွေက နေ့စဉ် အသုံးပြုသွားလာနေကြတာပါ။

“ကမ်းပါးကနေစပြီး ဘေးဖက်ထိပါ ၃ လက်မလောက်အောက် စကျွံနေတာ၊ တချို့နေရာက ၆ လက်မ အထိ ကျွံနေပြီပေါ့” လို့ အဆိုပါ ဒေသခံတဦးက ဆက်ပြောပါတယ်။
လမ်းမကြီး ကွဲအက်ပြီး မြေကျွံမှုဖြစ်ပေါ်လာပါက သွားလာလို့ မရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဖရူဆိုမြို့နယ်အတွင်းမှာ မိုးရာသီကာလအတွင်း နှစ်စဉ် မြေပြိုမှုမကြာခဏဖြစ်ပွားနေတာပါ။
“ခက်ခဲတာပေါ့ လမ်းတလမ်းပဲ ရှိတာလေး။ ကျောင်းသွားလာလဲ ဒီလမ်းပဲ၊ လမ်းပြိုသွားရင် သွားမရတော့မှာ စိုးရိမ်နေတာ” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
ဒေသခံတွေကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ မြေပြင်ကို ကွင်းဆင်းကြည့်ရှုပေးဖို့ လိုလားနေကြတယ်လို့ ပြောပါတယ်။





