ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ ဓာတ်ဆီတစ်လီတာ ၆၀၀၀ ကျပ်ကနေ ဇူလိုင်လ ၁၀ ရက်နေ့ကစလို့ တဖြေးဖြေး ဈေးမြင့်တက်လာနေသလို ဆီအရောင်းဆိုင်တချို့တော့ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်၊ ဇူလိုင်လ အစောပိုင်းအတွင်းမှာပဲ ဒီးမော့ဆိုအနောက်ခြမ်းမှာ ဓာတ်ဆီတစ်လီတာကို ၆၀၀၀ ကျပ်နဲ့ ရောင်းချနေပေမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ၆၅၀၀ ၊ ၇၀၀၀ ၊ ၇၅၀၀ နဲ့ ၈၀၀၀ ကျပ်အထိ ဈေးမြင့်လာတယ်လို့ ဆိုပါတယ်။
“ဆီစျေးက အတက်ဘက်ပြန်ဖြစ်နေတယ်၊ လိုင်းပေါ်ကနေ အမျိုးမျိုးပြောနေတော့ လူထုတွေက ပိုမိုစိုးရိမ်နေကြတာပေါ့”လို့ ဆီရောင်းသူတဦးက ပြောပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းပျက်စီးတာ ၊ လမ်းပြိုတာအပြင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆီတင်သွင်းဖို့ သွားလာရေးပိုင်းမှာ အခက်အခဲရှိတယ်လို့လည်း ပြောပါတယ်။ ယခုရက်ပိုင်းမှာတော့ စက်သုံးဆီအရောင်းတချို့ကို ပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။
“ပိတ်ထားတယ်ဆိုတာက လူတွေ တန်းစီပြီး ဝယ်စုတာမျိုးဆိုတော့ သူတို့အတွက်လည်းမကောင်းတာဖြစ်မယ်။ တချို့ဆိုင်တော့ ရောင်းပေးတယ် ဒါပေမယ့်လည်း ဂါလံမပြည့်တော့ဘူးပေါ့” လို့ ဒီးမော့ဆိုအနောက်ခြမ်း၊ ဒေသခံတဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ ဓာတ်ဆီဈေးနှုန်းရောင်းချမှုက နေရာဒေသအလိုက် ဈေးနှုန်းကွာခြားမှုရှိနေပြီး လွိုင်နန်းဖ ဖက်မှာ ၇၅၀၀ ကျပ် ၊ နန်းမယ်ခုံမြို့မှာတော့ ၇၀၀၀ ဝန်းကျင်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ၊ ဧပြီလအတွင်း ကရင်နီပြည်က နေရာဒေသအသီးသီးမှာ ဓာတ်ဆီတလီတာကို ၂သောင်းကျပ် ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ပါသေးတယ်။






