spot_img
Homeသတင်းလုံခြုံရေးအခြေအနေကြောင့် ရှမ်း-ကရင်နီနယ်စပ်က တောင်သူတချို့ စပါးမစိုက်ပျိုးနိုင်သေး

လုံခြုံရေးအခြေအနေကြောင့် ရှမ်း-ကရင်နီနယ်စပ်က တောင်သူတချို့ စပါးမစိုက်ပျိုးနိုင်သေး

-

ကန္တာရဝတီတိုင်း ( မ် )

ရှမ်း-ကရင်နီနယ်စပ်က တောင်သူတချို့ဟာ လက်ရှိ မိုးရာသီကာလ စိုက်ပျိုးရာသီချိန်ဖြစ်ပေမယ့် လုံခြုံရေးအခြေအနေကြောင့် စပါးမစိုက်ပျိုးနိုင်သေးဘူးလို့ စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။

“စိုက်တာတော့ စိုက်ချင်တာ‌ပေါ့။ ဒါပေမယ့် စားရလား၊ မစားရလား စိတ်က နှစ်ခွ၊ သုံးခွ ဖြစ်နေတယ်ပေါ့ အခုချိန်နဲ့ဆိုရင် ပြေးရမယ်၊ လွှားရမယ် အဲ့ဒါလည်း တစ်မှု စဉ်းစားရတာပေါ့”လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ်က စစ်ဧရိယာနဲ့နီးစပ်တဲ့ ကျေးရွာတချို့မှာ လယ်ယာခင်းကို ထွန်ယက်ထားပေမယ့် လုံခြုံရေးအရ စပါး ပြန်လည်စိုက်ပျိုးဖို့ အခက်တွေ့တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ဇွန်လအတွင်း မိုးဗြဲမြို့အနီးမှာ တိုက်ပွဲဖြစ်ပွားတာ ၊ စစ်အုပ်စုက လေကြောင်းနဲ့ဗုံးကြဲတာ၊ ဒရုန်းနဲ့ ကင်းထောက်တာ၊ ဗုံးကြဲမှု ဖြစ်စဉ်တွေကြောင့် တောင်သူတွေဟာ လယ်ခင်းမှာ စပါးစိုက်ပျိုးဖို့ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

နှစ်စဉ် လယ်ယာစပါး စိုက်ပျိုးတဲ့ ကျေးရွာတရွာမှာတော့ ၁၀ ရာခိုင်နှုန်းခန့်က စပါးကို မစိုက်ပျိုးနိုင်ကြသေးဘူးလို့ အဆိုပါ တောင်သူက ဆက်ပြောပါတယ်။ လုံခြုံရေးအခြေအနေကြောင့်အပြင် စက်သုံးဆီစျေးတက်တာနဲ့ စပါးစိုက်ဖို့ နေ့စားအလုပ်သမားခေါ်ယူတာ အဆင်မပြေမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

တောင်သူတချို့လည်း စိုးရိမ်မှုတွေနဲ့ စပါးစိုက်ပျိုးနေရတယ်လို့ လက်ရှိ စိုက်ပျိုးနေတဲ့ တောင်သူတစ်ဦးက ပြောပါတယ်။

“ဒရုန်းတွေဝဲတာတို့ ခုအခြေအနေကြောင့် စပါးတွေ စိုက်သာစိုက်ကြတာ စားရလား၊ မစားရလားလဲ သေချာမသိတဲ့အခြေအနေတို့ကို ကြုံနေရတာ” လို့ သူက ပြောပါတယ်။

၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီမှာ ဒေသတွင်း စစ်ရေးအခြေအနေအရ စပါးစိုက်ပျိုးနိုင်မှုဧရိယာက ပြီးခဲ့တဲ့နှစ်ထက် ကျဆင်းလာတယ်လို့ IEC ကလည်း ပြောဆိုထားပါတယ်။ ရှမ်း-ကရင်နီနယ်စပ်က တောင်သူတွေဟာ စားသုံးရန်အတွက်လည်းကောင်း၊ စီးပွားဖြစ် ရောင်းချရန်အတွက်လည်းကောင်း နှစ်စဉ် စပါးစိုက်ပျိုးကြတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ