ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက ၃ နေရာကို ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့၊ ညနေ ၅နာရီ ဝန်းကျင်မှာ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
လေယာဉ်ဗုံးစ ထိမှန်ပြီး သေဆုံးခဲ့သူဟာ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုကြောင့် အရပ်သားတဦး သေဆုံးတဲ့အပြင် နေအိမ်နဲ့ ကားတချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“လူထု တစ်ယောက်တော့ ဆုံးတယ်။ စစ်ရှောင်မှာ လာကြဲတာ ၆လုံး ပြည်သူတစ်ဦး ဆုံးတယ်။ရွာထဲမှာက ၂လုံး အိမ်ကားတော့ ပျက်စီးတယ် လူထိခိုက်မရှိဘူး။ ပွန်ချောင်းမှာ ၆လုံးလောက်။”လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
စစ်အုပ်စု လေကြောင်းတိုက်ခိုက်တဲ့နေရာတွေဟာ အရပ်သားတွေ နေထိုင်တဲ့ စစ်ရှောင်စခန်း ၂ နေရာ နဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ၃ နေရာကို လေယာဉ် သုံးစီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
“ ကလေးအဖေပေ့ါနော် အဲ့မှာ နေခဲ့တာ။ အဲ့ဒါ လူထိခိုက်မှု မေးမလို့ဆို လိုင်းပေါ်မရှိကြတော့ဘူး။ တောတောင်တွေထဲ ထွက်ပြေးကုန်ပြီ ထင်တယ်။ “ လို့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။






