spot_img
Homeသတင်းဖာလာဈေးကျဆင်းမှုကြောင့် ဖရူဆိုဒေသခံတွေ နနွင်းကို အစားထိုး စိုက်ပျိုးသူများလာ

ဖာလာဈေးကျဆင်းမှုကြောင့် ဖရူဆိုဒေသခံတွေ နနွင်းကို အစားထိုး စိုက်ပျိုးသူများလာ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက တောင်ပေါ်ကျေးရွာတွေမှာ ဖာလာဈေး ဆက်တိုက်ကျဆင်းနေလို့ မိသားစုအပိုဝင်ငွေရရှိဖို့အတွက် ဖာလာအစား နနွင်းကို အစားထိုး စိုက်ပျိုးလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတောင်သူတွေဟာ ဖာလာကို နှစ်ရှည် စိုက်ပျိုးလာခဲ့ကြပေမယ့် ယခုနှစ်အတွင်း ဈေးနှုန်းပိုကျဆင်းတာကြောင့် မိသားစုရဲ့ စားဝတ်နေရေးကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အတွက် ဈေးကောင်းပိုရနေတဲ့ နနွင်းကို အစားထိုး စိုက်ပျိုးလာကြတာပါ။

“နနွင်းတော့များများလုပ်ရင် များများရတယ်။ နည်းနည်းလုပ်ရင် နည်းနည်းရတယ်။ ဖာလာခါကျတော့ ဒီနှစ်သီးလိုက် နောက်တနှစ်ဆို အပင်လှဲလိုက်။ ဒီနှစ်လိုမျိုးပေါ့ အပင်လှဲလိုက်ဆို ဒီနှစ်စားရမလား၊ မစားရတော့ဘူး။ နနွင်းကနည်းနည်းတော့ သေချာသေးတယ်” လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

ဖာလာဈေးကွက်ဟာ တစ်နှစ်နဲ့တစ်နှစ် ဈေးနှုန်းတူညီမှုမရှိပဲ လေးနှစ်ဆက်တိုက် ဒေသထွက်ဖာလာဈေး ကျဆင်းလာတာကြောင့်လည်း စိုက်ပျိုးသူနည်းပါးလာတာပါ။ ဖာလာစိုက်ပျိုးရာမှာ နနွင်းထက် ကုန်ကျစရိတ်သက်သာပေမယ့် ဖာလာမျိုးအရည်အသွေး မကောင်းတာ၊ မျိုးမမာတာ ကြုံတွေ့လို့ စိုက်ပျိုးတဲ့အခါ အပင်မသန်တာ၊ အထွက်နှုန်းနည်းတာ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

ဖလာပင်ဟာ နှစ်ရှည်စိုက်ပျိုးရတဲ့ အပင်ဖြစ်ပြီး ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက တောင်ပေါ်ကုန်းမြင့်ဒေသမှာတော့ အသက်မွေးဝမ်းကြောင်းအဖြစ် ဖာလာနဲ့ နနွင်းကို နှစ်စဉ် စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြတာဖြစ်ပါတယ်။

လက်ရှိမှာလည်း နနွင်းဈေးကွက်က အခြေအနေကောင်းမွန်နေပေမယ့် ဝယ်လိုအားနဲ့ ဈေးကွက်အပြောင်းအလဲကြောင့် ဈေးနှုန်းမတည်ငြိမ်မှုရှိမှာကို နနွင်းစိုက်တောင်သူတွေက စိုးရိမ်မှုရှိတယ်လို့ ပြောပါတယ်။

“ဒီနောက်ပိုင်း နနွင်းတွေ လုပ်လာခါကျတော့ အနည်းနဲ့အများတော့ မိသားစုဖူလုံမှုတွေ ရလာတာပေါ့နော”လို့ နနွင်းစိုက်သူအမျိုးသမီးတဦးက ပြောပါတယ်။

နနွင်းကို မိုးမကျခင် ဧပြီလနဲ့ မေလအတွင်း စတင်စိုက်ပျိုးကြပြီး နောက်နှစ် ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းမှာ ပြန်လည်ရိတ်သိမ်းရပါတယ်။

ဒေသတွင်း ဈေးကွက်အရ ယခုနှစ် နနွင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၇,၀၀၀ ခန့်ရှိပြီး ဖာလာဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၆,၀၀၀ ခန့်ရှိပါတယ်။ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက ဖာလာဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ မှ ကျပ် ၁၆,၀၀၀ အထိ ကျဆင်းခဲ့ပြီး နနွင်းဈေးနှုန်းမှာတော့ တစ်ပိဿာလျှင် ကျပ် ၁၂,၀၀၀ မှ ကျပ် ၁၇,၀၀၀ အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ