spot_img
Homeသတင်းပုံမှန်ထက် ၄ လစောပြီး ရေခမ်းလာလို့ ရေပြတ်လပ်မှာ ဒေသခံတွေ စိုးရိမ်

ပုံမှန်ထက် ၄ လစောပြီး ရေခမ်းလာလို့ ရေပြတ်လပ်မှာ ဒေသခံတွေ စိုးရိမ်

-

ကန္တာရဝတီတိုင်း ( မ် )
( အလုပ်သင်သတင်းထောက်မှ ရေးသားသည်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းအုပ်စုအတွင်းက ကာဘလော့ကျေးရွာမှာ ပုံမှန်နှစ်တွေထက် ၄ လခန့်စောပြီး ဆောင်းရာသီကတည်းက ရေအရင်းအမြစ်တွေ စတင်ခမ်းခြောက်လာတာကြောင့် လာမယ့်နွေရာသီမှာ ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

အိမ်ခြေ ၂၈ အိမ်ရှိတဲ့ အဆိုပါကျေးရွာမှာ ပုံမှန်အားဖြင့် ဧပြီနဲ့ မေလလောက်မှသာ ရေအရင်းအမြစ်တွေ စတင်ခမ်းခြောက်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ ယခုနိုဝင်ဘာလကတည်းက ရေစခမ်းလာတာဖြစ်ပါတယ်။

ရေအရင်းအမြစ်ရှိတဲ့နေရာကနေ ရွာထဲက ရေသိုလှောင်ကန်ကို ရေပိုက်တွေနဲ့ သွင်းယူပြီး အဲ့ဒီကတဆင့် ဒေသခံတွေက ရေခပ်ယူသုံးစွဲကြတာပါ။ ဒါပေမဲ့ လက်ရှိမှာ ရေအရင်းအမြစ်ရှိတဲ့နေရာမှာ ရေထွက်နှုန်းနည်းလာပြီး ခမ်းခြောက်စပြုလာတာကြောင့် ရွာထဲကို ရေမရောက်တော့ဘဲ ဒေသခံတွေ ရေအခက်အခဲ ကြုံတွေ့နေရပါတယ်။

အဲဒီအတွက် ဒေသခံတွေဟာ သောက်သုံးရေနဲ့ အိမ်သုံးရေအတွက် မနက်အစောပိုင်းကတည်းက ရေခပ်ဖို့ စောင့်ဆိုင်းနေရသလို အနီးပတ်ဝန်းကျင်ကျေးရွာတွေနဲ့ တောတောင်တွေထဲအထိ သွားရောက်ခပ်ယူနေရတယ်လို့ သိရပါတယ်။

“နံနက်အစော ထခပ်ရတော့ အိပ်ရာထနောက်ကျရင် ရေခပ်ဖို့ စောင့်ရတယ်။ ရေက ခပ်နေရင်း လုံးဝပျောက်သွားပြီး တအောင့်လောက် စောင့်နေမှ နည်းနည်းပြန်လာတယ်” လို့ ဒေသခံအမျိုးသမီးတဦးက ကြုံတွေ့နေရတဲ့ ရေအခက်အခဲကို ပြောပါတယ်။

လက်ရှိမှာလည်း ရွာကနေ ခြေလျင်နဲ့ မိနစ် ၂၀ခန့် သွားရတဲ့ ရေအရင်းအမြစ်ရှိတဲ့နေရာကို သွားရောက်ခပ်ယူရတယ်လို့ ဆိုပါတယ်။

“နှစ်တိုင်းဆို ဧပြီ၊ မေလောက်မှ ရေစခမ်းတာပါ။ အခုက ဆောင်းရာသီကတည်းက ရေစခမ်းနေပြီဆိုတော့ သေချာတယ်၊ ဒီနှစ်တော့ ရေစောစောငတ်မှာပါ” လို့ နောက်ထပ် ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ကျေးရွာခံတွေက အဆိုပါရေအခက်အခဲကို ဖြေရှင်းနိုင်ဖို့ အခြားရေအရင်းအမြစ်ရှိတဲ့ နေရာတွေကို ရှာဖွေနေကြတယ်လို့ သိရပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ