spot_img
Homeသတင်းအဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးတွေ့ဆုံမှုအတွက် ယုံကြည်မှုနဲ့ လက်တွေ့ကျတဲ့ဆောင်ရွက်မှုလိုတယ်လို့ SCEF ဆို

အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးတွေ့ဆုံမှုအတွက် ယုံကြည်မှုနဲ့ လက်တွေ့ကျတဲ့ဆောင်ရွက်မှုလိုတယ်လို့ SCEF ဆို

-

ကန္တာရဝတီတိုင်း (မ်)

အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးတွေ့ဆုံမှုအတွက် ယုံကြည်မှုနဲ့ လက်တွေ့ကျတဲ့ဆောင်ရွက်မှုတွေလိုအပ်ပြီး နိုင်ငံရေးစိတ်ဆန္ဒကို လက်တွေ့ပြဖို့ မင်းအောင်လှိုင်နဲ့ စစ်‌ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးဦးဆောင်ကောင်စီ SCEF က မနေ့ ဇူလိုင် ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အပါအဝင် SCEF အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသား တပ်ဦး CNF၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIO အပြင် အခြား EAOs တွေနဲ့ အာဆီယံအထူးကိုယ်စားလှယ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇူလိုင် ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် SCEF က အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ်အုပ်စုက အဓိပ္ပါယ်ပြည့်ဝတဲ့တွေ့ဆုံဆွေးနွေးပွဲအတွက် အရပ်သားတွေနဲ့ အခြေခံအဆောက်အအုံတို့အပေါ် ခွဲခြားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်နေမှုတွေ ချက်ခြင်း အဆုံးသတ်ဖို့၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အခြားအရပ်သား ပစ်မှတ်တွေကို တိုက်ခိုက်ခြင်းက ရပ်စဲဖို့၊ နိုင်ငံရေးအကျဉ်းသားများ ချက်ခြင်းလွတ်ပေးဖို့၊ ထိခိုက်ခံစားသူတွေဆီမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ သေချာစွာ ရောက်ရှိစေဖို့၊ နိုင်ငံရေးဖြေရှင်းမှုအတွက် စစ်မှန်တဲ့ကတိကဝတ်နဲ့ ဖော်ပြနိုင်တဲ့ ယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်တွေ ပြသနိုင်ဖို့လိုအပ်တယ်လို့ SCEF က ဆိုပါတယ်။

စစ်အုပ်စုက အရပ်သားတွေအပေါ် ကန့်သတ်ချက်မထားဘဲ တိုက်ခိုက်နေပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖိတ်ခေါ်ခြင်းက အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံနွေးနွေးမှု မဖြစ်နိုင်ဘူးလို့လည်း ပြောပါတယ်။

စစ်အုပ်စုက ASEAN ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus)ကို အကောင်အထည်ဖော်မှုမှာ သိသာထင်ရှားသော ဒါမှမဟုတ် လက်တွေ့ကျသော တိုးတက်မှု မရှိသေးကြောင်း ASEAN ကိုယ်တိုင်က အသိအမှတ်ပြုထားတယ်လို့လည်း ဆိုပါတယ်။ ဘုံသဘောတူညီချက်အကောင်အထည်ဖော်မှုကို ခိုင်မာတဲ့ အစီအစဉ်တွေနဲ့ စတင်ရမှာဖြစ်တယ်လို့လည်း SCEF ကပြောပါတယ်။

ASEAN နဲ့ တွေ့ဆုံမှုမှာ အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးပွဲအတွက် စစ်အာဏာရှင်တွေက ယခုချိန်ထိ နိုင်ငံရေး စိတ်ဆန္ဒပြသခြင်းမရှိသေးကြောင်း၊ နိုင်ငံရေးအသွင်ကူးပြောင်းခြင်းက ရည်မှန်းချက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေး‌‌ရေးက နည်းလမ်း ဖြစ်ကြောင်း၊ ဒီနေ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးအရှိတရားက ပြောင်းလဲနေပြီဖြစ်ပြီး နေပြည်တော်မှာဘဲ အုပ်ချုပ်ရေးသီးသန့် မရှိတော့ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဥ်က မြန်မာနိုင်ငံပိုင်သာဖြစ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာမိတ်ဖက်တွေက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အထောက်အကူပြုဖို့နဲ့ ငြိမ်းချမ်းရေးကို ကူညီပံ့ပိုးဖို့ အရေးပါသော အခန်းကဏ္ဍတွေမှာသာရှိကြောင်း၊ ASEAN ဘုံသဘောတူညီချက် (၅) ချက် က စာရွက်ပေါ်မှာသာရှိမနေဘဲ လက်တွေ့အကောင်ထည်ဖော်ဖို့လိုကြောင်း ကို SCEF က ထပ်လောင်းအတည်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဇူလိုင် ၁၃ရက်နေ့ တွေ့ဆုံမှုက ASEAN ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus) အကောင်အထည် ဖော်ရေး ကြိုးပမ်းမှုတွေနဲ့ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်သော အခြေအနေတွေအပေါ် အမြင်ချင်းဖလှယ်ကြဖို့သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တွေ့ဆုံမှုမတိုင်ခင် တစ်ရက် ဇူလိုင် ၁၂ရက်နေ့ မှာလည်း စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အာဆီယံတို့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပါသေးတယ်။ အဲ့ဒီတွေ့ဆုံမှုနှစ်ခုက အတူ ညှိနှိုင်းတွေ့ဆုံကြတာမဟုတ်ပဲ သီးခြားစီတွေ့ဆုံတာဖြစ်တယ်လို့လည်း SCEF ကပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ