ကန္တာရဝတီတိုင်း (မ်)
ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်မှာ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသက ခဲလုပ်ကွင်းအနီး တနေရာကို အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ မော်ချီးဒေသခံတွေက ပြောပါတယ်။
၁၅ နှစ်အောက် ကလေးငယ်အပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။ ကနဦးရရှိထားတဲ့စာရင်းအရ ၅ဦးပွဲချင်းပြီးသေဆုံးခဲ့သလို ၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပြီး ကန္တာရ၀တီတိုင်း(မ်) အနေနဲ့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။
“သေတာက ၅ ယောက်၊ ထိခိုက်ဒဏ်ရာရ က ၈ ယောက်ရှိတယ်။ မော်ချီးမိုင်းလုပ်တွင်းမှာပဲ၊၂ လုံးကြဲချတာ” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။
လက်ရှိ ဖားဆောင်းမြို့ကတိုက်ပွဲကြောင့် ပြီးခဲ့တဲ့ရက်တွေကတည်းက လေယာဥ်ဝဲနေခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ ညနေပိုင်း လေယာဉ်မကြဲခင်အချိန်မှာလည်း အာဏာသိမ်းစစ်တပ်ရဲ့လေယာဉ်က ကင်းထောက်ပျံဝဲနေခဲ့တယ်လို့ ပြောပါတယ်။
“ရက်တိုင်းပဲ လေယာဥ်က။ ဖားဆောင်းဖက်မှာတိုက်ပွဲဖြစ်လို့ ရက်တိုင်းလာတယ်ရော။ ရက်တိုင်းက မော်ချီးကို ဖြတ်သွားတယ်။ ဒီရက်မှ နှစ်စီးလာတယ်။ အပေါ်မှာ ဝဲနေတာ အကြာကြီးပဲ။ မြူတွေထူနေလို့ တစ်စီးပဲ ချတာ။ တစ်စီးတော့ မချလိုက်ဘူး” လို့ မော်ချီးခဲတွင်းတစ်ခုက ခဲလုပ်သားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ကလည်း မော်ချီးဒေသတနေရာ ကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ အသက် ၆၀ အရွယ်အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။






