spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်၊ သရက်တောစစ်ရှောင်စခန်းမှာ အတက်ရောဂါခံစားနေရတဲ့ ၉လသားကလေးငယ်အတွက် အကူအညီ လိုအပ်နေ

ဒီးမော့ဆိုမြို့နယ်၊ သရက်တောစစ်ရှောင်စခန်းမှာ အတက်ရောဂါခံစားနေရတဲ့ ၉လသားကလေးငယ်အတွက် အကူအညီ လိုအပ်နေ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ ဆိုလဖဲခိုရွာ၊ သရက်တောစစ်ဘေးရှောင်စခန်းမှာ အတက်ရောဂါဝေဒနာ ခံစားနေရတဲ့ အသက် ၉ လအရွယ် ကလေးငယ် ဂရေဟန်ထူးအတွက် ဆေးဝါးနဲ့ ဆေးကုသမှုအကူအညီ လိုအပ်နေတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အဆိုပါကလေးငယ်ဟာ အသက် ၂ လအရွယ်ကတည်းက အတက်ရောဂါကို စတင်ခံစားခဲ့ရတာပါ။လက်ရှိ ၉ လအရွယ်မှာတော့ အတက်ရောဂါလက္ခဏာ ပိုဆိုးလာပြီး မျက်လုံးအာရုံမရတော့တာနဲ့ ခေါင်းမထောင်နိုင်တော့တဲ့ အခြေအနေတွေ ဖြစ်လာတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

“ကလေးက တအားတက်ခါကျတော့ သူ့ရဲ့ဦးနှောက်မှာ အကျိတ်တွေဘာတွေရှိလည်း ရှိနိုင်တယ်တဲ့။ EEG တို့ဘာတို့ ဆွဲရမယ်တဲ့။ ဖြစ်နိုင်ရင် ရန်ကုန်သွားပေးတဲ့၊ ကျမကိုပြောတာ ၂ လပိုင်းကတည်းကပေါ့နော်။ ဒါပေမဲ့ ကျမက အဆင်မပြေဘူး။ စစ်ရှောင်နေရခါကျတော့ ကျမဘက်က လုံးဝသွားနိုင်တဲ့အခြေအနေ မရှိခါကျတော့ အခုထိ ကလေးကိုလည်း ဆေးမကုနိုင်ဘူးပေါ့။ ဒါပေမဲ့ ဆေးခန်းတော့ လတိုင်းလိုလို သွားပြနေရတာပေါ့” လို့ ကလေးရဲ့ မိခင်ဖြစ်သူက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ဆေးခန်းပြသရာမှာ အတက်ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့အတွက် EEG စစ်ဆေးမှုအပါအဝင် လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ ဖြစ်နိုင်ရင် ရန်ကုန်မြို့မှာ သွားရောက်ကုသဖို့ ဆရာဝန်တွေက အကြံပြုထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ စစ်ဘေးရှောင်နေရပြီး ငွေကြေးခက်ခဲတဲ့အခြေအနေမှာ ခရီးစရိတ်နဲ့ ဆေးကုသစရိတ်တွေကို မတတ်နိုင်တာကြောင့် ကလေးငယ်အတွက် လိုအပ်တဲ့ အထူးကုသမှုကို ယနေ့အထိ မခံယူနိုင်သေးဘူးလို့ မိခင်ဖြစ်သူက ဆိုပါတယ်။

လက်ရှိမှာလည်း စားဝတ်နေရေးအခက်အခဲတွေ ရှိနေတဲ့အပြင် ကလေးငယ်အတွက် ပုံမှန်လိုအပ်နေတဲ့ ဆေးဝါးစရိတ်နဲ့ အထူးကုသမှုအတွက် ကုန်ကျစရိတ်တွေကို မိသားစုအနေနဲ့ မတတ်နိုင်တော့တာကြောင့် အလှူရှင်တွေရဲ့ အကူအညီကို မိခင်ဖြစ်သူက မျှော်လင့်နေရတယ်လို့ ပြောပါတယ်။ လက်ရှိမှာလည်း အဆိုပါ ကလေးငယ်အတွက် လိုအပ်တဲ့ငွေကြေးအကူအညီကို ကူညီရှာဖွေသူတွေ ရှိတယ်လို့ သိရပါတယ်။

ကလေးငယ်အတွက် ပုံမှန်ဆေးဝါးကုသမှုနဲ့ လိုအပ်တဲ့ ဆေးစစ်ဆေးမှုတွေ အမြန်ဆုံး ပြုလုပ်နိုင်ဖို့အတွက် ဆေးဝါး၊ ဆေးကုသစရိတ်နဲ့ ခရီးစရိတ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ