ကန္တာရဝတီတိုင်း(မ်)
စက်တင်ဘာလ ၂၇ ရက်နေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ရိုးရာပွဲတော်တခုဖြစ်တဲ့ အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲကို Karenni Community Chiangmai Thailand ( KCCT ) က ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။
အခမ်းအနားမှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်မှ အဲ့ဒိုပေါ်မီ (ခေါ် ) ဒီးကူပွဲ ဖြစ်ပေါ်လာရခြင်းကို ရှင်းလင်းတင်ပြခြင်း ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားအတွင်း ရိုးရာအကအား စုပေါင်းကပြတင်ဆက်ခြင်း၊ ရိုးရာအကပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ကံစမ်းမဲအစီအစဉ် နဲ့ ဖျော်ဖြေရေးတွေ ပြုလုပ်ခဲ့ကြပြီး ချင်းမိုင်ကို ရောက်ရှိနေတဲ့ ကရင်နီလူမျိူးစုအသီးသီးက တက်ရောက်အားပေးခဲ့ကြပါတယ်။
ကရင်နီမျိုးနွယ်စု တချို့ကနေ နှစ်စဥ် ကျင်းပပြုလုပ်လေ့ရှိတဲ့ ဒီးကူပွဲကိုတော့ နှစ်စဉ် ဩဂုတ်လ ၊ စက်တင်ဘာလ ၊ အောက်တိုဘာလ အတွင်းမှာ ကရင်နီမျိုးနွယ်စုတွေထဲက ကယား၊ ကော်ယော် (မနုမနော) ၊ ယင်းတလဲ စတဲ့ မျိုးနွယ်စုတွေက နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြတာပါ။
အများစုက သိရှိထားကြတဲ့ “ဒီးကူပွဲ” ကိုတော့ ကယားလူမျိုးစုတွေက “အဲ့ဒိုပေါ်မီ” လို့ခေါ်ကြပြီးတော့ ကော်ယော် (မနုမနော) လူမျိုးစုတွေက “ဗေ့လဂါဖို”၊ ယင်းတလဲ လူမျိုးစုတွေကတော့ “အယ်ဒိုပေါ်မီ”လို့ခေါ်ကြသလို တချို့ကလည်း “ဆဒေါင်း” လို့လည်း ခေါ်ကြပါတယ်။ ကယော လူမျိုးစုတွေကတော့ “ဗေ့လာ” ဆိုပြီး မိမိတို့ရဲ့ လူမျိုးစုစကားအလိုက် ခေါ်ဝေါ်သုံးစွဲကြပါတယ်။





