ကန္တာရဝတီတိုင်း( မ် )
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်က တိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေတာကြောင့် ဗုံးခိုကျင်းတွေ တူးထားဖို့ ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တိုက်တွန်းမှု ပိုများလာတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ဒီလို တိုက်တွန်းမှုတွေက လအနည်းငယ်ကြာနေပြီဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းကင်းထောက်မှုတွေ ခပ်စိပ်စိပ်ရှိလာတာကြောင့် လက်ရှိမှာ ပိုပြီး သတိပေးလာတာဖြစ်တယ်လို့ အဲ့ဒီအမျိုးသမီးက ဆိုပါတယ်။ ဒရုန်းကင်းထောက်စဉ် လူစုလူဝေးတွေ တွေ့ရင် ညဘက်မှာ ဒရုန်းနဲ့ ဗုံးလာကြဲလေ့ရှိသလို အသေခံဒရုန်းနဲ့လည်း လစဉ် တိုက်ခိုက်လေ့ရှိတယ်လို့လည်း သူမက ပြောပါတယ်။
“အခြေအနေက တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာတယ်။ ဗုံးခိုကျင်းတူးဖို့ အခုတလ၊ နှစ်လ ပိုပိုပြောလာတယ်။ အစ်မတို့လည်း တူးတယ်။ ရွာမှာရော၊ စစ်ရှောင်မှာရော။ မတူးလို့လည်း ဘယ်ရမလဲ။ ဆူးဆိုက် (အသေခံ)ဒရုန်း၊ လက်နက်ကြီး အကုန်ရောက်တယ်။ လေယာဉ်လည်း ရွာမှာ နှစ်ခါတောင် လာကြဲပြီ။”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာလည်း စစ်ရှောင်စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ အလယ်တန်းကျောင်းသား ၃ ဦး သေဆုံးခဲ့ပါတယ်။ ဒရုန်းအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ရှိနေတာကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေက လုံခြုံရေးအတွက် ပိုစိုးရိမ်လာကြတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်ကစပြီး အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ပိုများလာတာကြောင့် ဒေသခံတချို့ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြသလို လွိုင်ကော်မြို့ပေါ်ကို ပြန်လည်ဝင်ရောက် နေထိုင်သူတွေလည်း ရှိတယ်လို့ IEC တာဝန်ရှိသူတဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောထားပါတယ်။
အောက်တိုဘာလအတွင်း ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၃၂ ကြိမ်ရှိခဲ့ပြီး အဲ့ဒီထဲ ဒရုန်းနဲ့တိုက်ခိုက်မှုက ၁၄ ကြိမ်ရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ( KnHRG ) က ထုတ်ပြန်ထားပါတယ်။







