spot_img
Homeသတင်းKSIP က ကရင်နီလူထုအသံ ရယူရေးအစီအစဉ် ဆောင်ရွက်နေပြီး အကြံပြုချက်တွေ တင်ပြဖို့ ဖိတ်ခေါ်

KSIP က ကရင်နီလူထုအသံ ရယူရေးအစီအစဉ် ဆောင်ရွက်နေပြီး အကြံပြုချက်တွေ တင်ပြဖို့ ဖိတ်ခေါ်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာစေဖို့ ကရင်နီပြည်ကြားကာလလွှတ်တော် (KSIP) က ပြည်သူလူထုထံကနေ တိုက်ရိုက်အကြံပြုချက်တွေ ရယူတဲ့အစီအစဉ်ကို ဆောင်ရွက်နေပါတယ်။

“စာတိုက်ပုံးတွေ ထားထားတယ်။ နောက်ပြီးတော့ အွန်လိုင်း (Online) ကနေ Digital စနစ်ဆိုပြီးတော့ ကျနော်တို့ လုပ်ထားတာတွေလည်း ရှိပါတယ်။ လူထုတွေ လက်လှမ်းမီသလောက် တင်ပြလာကြပါ။ တချို့သောနေရာတွေမှာ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ လူထုတွေရဲ့အသံကို လက်လှမ်းမမီနိုင်တာလည်း ရှိနိုင်တာပေါ့လေ။ ဆိုတော့ ကျနော်တို့ကနေတဆင့် တင်ပြဖို့လည်း ဖိတ်ခေါ်ပါတယ်” လို့ ကရင်နီပြည်ကြားကာလလွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်က ပြောပါတယ်။

လက်ရှိကာလမှာ ပြီးပြည့်စုံတဲ့ အခြေအနေတရပ် ဖော်ဆောင်နိုင်ဖို့ အခက်အခဲတွေ ရှိနေပေမယ့် လူထုအသံ ရယူရေးအစီအစဉ်ကို ပြည်သူတွေဆီ လက်လှမ်းမီသမျှ အသိပညာပေးတာ၊ လှုံ့ဆော်တာနဲ့ လူထုအသံရရှိနိုင်မယ့် နည်းလမ်းတွေကို အသုံးပြုပြီး ဆောင်ရွက်နေတယ်လို့လည်း ခူးသဲရယ်က ဆိုပါတယ်။

ကရင်နီပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အကြံပြုချက်တွေ၊ အကြံဉာဏ်တွေနဲ့ မေးခွန်းမေးမြန်းချက်တွေကို မြို့နယ်အသီးသီးမှာ ထားရှိတဲ့ စာတိုက်ပုံးတွေကတဆင့်၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းနဲ့ လူထုကွင်းဆင်းတွေ့ဆုံမှုတွေမှာ တင်ပြတာ စတဲ့ နည်းလမ်းသုံးမျိုးနဲ့ ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းထားတဲ့ ဖယ်ခုံ၊ ဒီးဘောင်းခူ၊ လွိုင်နန်းဖ၊ ဟိုယာနဲ့ ဖွံ့ဘော်ခွတ်မြို့နယ်တွေမှာ စာတိုက်ပုံးတလုံးစီ ထားရှိပြီး ကျန်မြို့နယ်မှာလည်း ထားရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဇွန်လကနေ စက်တင်ဘာလအထိ လူထုတွေပေးပို့လာတဲ့ စာစောင်အရေအတွက် ၅၇ စောင်ကို လက်ခံရရှိထားတယ်လို့ ပြောပါတယ်။ အဲ့ဒီထဲ ပညာရေး၊ CDM ဝန်ထမ်းရေးရာ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို IEC အနေနဲ့ ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်ပေးဖို့၊ လွှတ်တော်အနေနဲ့ လူထုတွေ့ဆုံပွဲတွေ ပိုမိုပြုလုပ်ပေးဖို့၊ နိုင်ငံရေးအကျပ်အတည်းကို အမြန်ဆုံး အဆုံးသတ်ပေးဖို့နဲ့ တော်လှန်ရေးအင်အားစုတွေ တပ်ပေါင်းစုဖွဲ့စည်းနိုင်ရေး အရှိန်အဟုန်မြှင့် တိုက်တွန်းဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ကြေးပေးဖို့နဲ့ စစ်ရှောင်စခန်းတွေမှာ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ကိုလည်း အဓိက တင်ပြတောင်းဆိုထားကြတယ်လို့ သိရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ